30 YEARS LATER…

မိုးလင်းခါနီး ကျွန်တော်နိုးလာသည်။ ပြည်မြို့သည် မြေလတ်ပိုင်းမြို့တစ်မြို့သာဖြစ်သော်လည်း အပူအအေးပြင်းထန်လှသည်။ ခုလည်းမိုးအကုန်ဆောင်းအကူး သီတင်းကျွတ်ခါစတွင်ပင် အအေးဓာတ်ကလွှမ်းမိုးလာပြီ။ မနက်စောစောဆိုလျှင် နှင်းတွေကျနေတာများ ပြင်ဦးလွင်နှင့်တောင်မှားနိုင်သည်။ အသက်ကလေးရလာသဖြင့် ဟိုအရင်ကလို ရာသီဥတုဒဏ်သိပ်မခံနိုင်တော့။ ချမ်းချမ်းနှင့်ဆက်ကွေးချင်သေးသော်ငြားလည်း မနက်တိုင်းပြုနေကျ ဆွမ်းတော်ကပ်ရမည့် ဝတ်တစ်ခုအတွက် ကျွန်တော်ကြိုးစားပြီး အိပ်ရာမှထလိုက်သည်။ အိမ်မှာလက်သုံးတောင်ဝှေးအဖြစ် ရွာမှ ဆွေမျိုးနီးစပ်ကောင်လေးနှစ်ယောက် ခေါ်ထားသော်လည်း ဒီလိုကိစမျိုးကိုတော့ ကိုယ်တိုင်လုပ်ချင်သေးသည်။ မျက်နှာသစ်၊ဆန်ဆေး၊ထမင်းအိုးတည်ပြီးတော့ ၄နာရီရှိပြီ။ အအေးဓာတ်က ပိုပြင်းလာသည်။ လှုပ်လှုပ်ရှားရှားလုပ်ချင်လာသဖြင့် ခြံထဲဆင်းပြီး ပိတောက်ပင်အောက်မှ သစ်ရွက်ခြောက်တွေကို အုန်းတံမြက်စီးတစ်ချောင်းနှင့်လှည်းနေလိုက်သည်။

ဒီပိတောက်ပင်နှစ်ပင်သည် ကျွန်တော်ဒီခြံကို ဝယ်တုန်းကတည်းက ဖေဖေစိုက်ခဲ့သည်ဆိုတော့ ခုဆို အသက်၃၀လောက်စီ ရှိနေပြီ။ ဒီခြံလေးကို ကျွန်တော်စင်ကာပူမှာအလုပ်လုပ်တာ ၂နှစ်ပြည့်သောအချိန်မှာ ဖေဖေနှင့်တိုင်ပင်ပြီး ဝယ်ထားခြင်းဖြစ်သည်။ မြို့ပြဧ။်ပူလောင်လှသော လင်းထိန်မှုတွေအောက်မှာ ရောက်နေခဲ့သောသူငယ်ချင်းများက ကျွန်တော်ဒီလိုနယ်ဘက်မှ ခြံဝင်းသေးသေးလေးကိုဝယ်တော့ နှာခေါင်းဝိုင်းရှုံ့ကြသည်။ သူတို့အတွက်တော့ အဲဒီအချိန်မှာ စင်ကာပူမှာနေ၊ စင်ကာပူမှာအခြေချ၊ ဒါမှမဟုတ် ဒီထက်ပြည့်စုံမည်ဟုထင်ရသော အခြားအခြားတိုင်းပြည်တွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးပမ်းနေခဲ့ကြသည်လေ။ ခုဆိုလျှင် ကျွန်တော် ထိုသူငယ်ချင်းတော်တော်များများနဲ့ မတွေ့ရတော့တာ ၂၀နှစ်နီးပါးပင်ရှိနေခြေပြီ။ ကျွန်တော်နဲ့အတူတူ မြန်မာပြည်ပြန်လာပြီး လုပ်ကိုင်စားသောက်နေခဲ့သော သူငယ်ချင်းများသည်လည်း တနိုင်ငံလုံးအနှံ့ပြန့်ကြဲနေခဲ့ပြီ။ တခါတလေ ပြည်မြို့ကို အကြောင်းတစ်ခုခုနှင့်ဖြတ်သွားလျှင်တော့ ဝင်လာတက်ကြသေးသည်။

စုပုံရှို့ထားသော သစ်ရွက်ခြောက်တွေကိုကြည့်ရင်း ကုန်လွန်ခဲ့သောအတိတ်များကို ကျွန်တော်ပြန်တွေးနေမိသည်။ ဖြိုးကြီး၊ နိုင်လင်း၊ ခေါင်းကြီး၊ ပေါသွပ်၊ မင်းသူအောင်…။ မင်းတို့တွေ ဘယ်ရောက်နေကြပြီလဲ၊ သက်ရှိထင်ရှားကော ရှိကြသေးရဲ့လား။ မိန်းကလေးထဲမှာဆိုရင် သူဇာထွန်း၊ EC၊ ဂျူဂျူး၊ ချောစုခင်၊ မလဲ့၊...။ နင်တို့တွေကော ဘာတွေဖြစ်နေကြပြီလဲ၊ သားတွေမြေးတွေတရုန်းရုန်းနဲ့ အဘွားကြီးတွေဖြစ်နေကြတော့မှာပဲနော်။ ပြန်တွေ့ချင်ပါသေးတယ်ဟယ်။ နောက် Wတစ်ယောက်ကော?!?

သေခါနီး အငွေ့တလူလူထွက်နေသော မီးပုံကို ရေပတ်ငြိမ်းလိုက်ပြီး ဆွမ်းတော်ပြင်ရန် အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။ ဆွမ်းတော်ကပ်ပြီးတော့ ဆွမ်းလောင်းဖို့ ထပ်ပြင်နေမိသည်။ ကျွန်တော်တို့ရပ်ကွက်အတွင်းသို့ ဘုန်းတော်ကြီးများ အာရုဏ်ဆွမ်းခံကြွလေ့ရှိကြသည်။ ကျွန်တော်တို့နယ်မှာက ရန်ကုန်မှာလို ဆွမ်းလောင်းဆောင်၊ဆွမ်းချက်ဆောင်တွေ ဆောက်လုပ်ပြီးတာဝန်ခံလှူဒါန်းတာမျိုး မရှိသလောက်။ လမ်းတိုင်းအိမ်တိုင်းနီးနီး အာရုဏ်တက်တာနဲ့၊ ဆွမ်းတော်ခင်ဗျာ့ဆိုတဲ့အသံကြားတာနဲ့ လျှုဖွယ်ရာတွေ ဆွဲထွက်လာစောင့်နေစမြဲ။ ဘုန်းတော်ကြီးများကလည်း မိုးရွာရွာ၊ လေတိုက်တိုက်၊ ကြွရောက်ဆွမ်းခံမြဲ။

ဆွမ်းလောင်းပြီးတော့ ၅နာရီကျော်နေပြီ။ ကွေးကောင်းဆဲ တပည့်ကျော်နှစ်ကောင်ကို နိုးရဦးမည်။ ညကဒီကောင်တွေ အင်တာနက်သုံးနေတာ တော်တော်ညည့်နက်သည်။ ပထမအစမ်းစာမေးပွဲတွေပြီးခါစဆိုတော့ ကျွန်တော်လည်း သိပ်မပြောချင်တော့။ ကျောင်းတွေပြန်တက်ရလျှင်တော့ ကွန်ပျူတာသုံးချိန် ပြန်သတ်မှတ်ရမည်။ သူတို့ကို မနက်ထမင်းကြမ်းကျွေးပြီး ကျူရှင်သွားဖို့ပြင်ခိုင်းလိုက်သည်။ ခဏနေတော့ နှစ်ယောက်သား စက်ဘီးတစ်ယောက်တစ်စီးစီ စီးပြီးထွက်သွားကြသည်။ နောက်ဆုံးကျွန်တော်တစ်ယောက်တည်း ကျန်နေရစ်သည်။ ကျွန်တော် စင်ကာပူမှာ အလုပ်လုပ်နေစဉ်ကာလက ဒီအိမ်လေးမှာ ဖေဖေနဲ့မေမေနေခဲ့သည်။ ညီမလတ်က အိမ်ထောင်ကျပြီး ရန်ကုန်မှာကျန်နေရစ်သည်။ ညီမအငယ်ကတော့ အိမ်ထောင်မပြုပဲ မိဘတွေနဲ့ လိုက်နေသည်။ သူ့အလုပ်ကိုလည်း ပြည်ဆေးရုံသို့ရောက်အောင် ပြောင်းယူခဲ့လိုက်သည်။ ခုတော့ သူလဲ တာဝန်ကျရာဒေသအရပ်ရပ်သို့ ပြောင်းရွှေ့နေရသည်။

အဖေရော၊ အမေပါ ဒီအိမ်လေးမှာပဲ ငြိမ်းချမ်းစွာ မျက်နှာလွှဲခဲ့ကြသည်။ ကျွန်တော် ဒီအိမ်လေးကို ချစ်သည်။ အိမ်လေးက အရင် ကျွန်တော်တို့ရွာမှ ဘွားလေးဧ။်အိမ်ပုံအတိုင်း ဖေဖေကိုယ်တိုင် ဆောက်ထားခြင်းဖြစ်သည်။ မူလကျွန်းတိုင်ကြီးများနေရာမှာ RCတိုင်လုံးများအစားသွင်းထားခြင်းနှင့် နောက်ဖေးနွားတင်းကုတ်နေရာတွင် လေသာဆောင်လေးပြောင်းထည့်လိုက်သည်သာ ကွာသည်။ အပေါ်ထပ်မှာလည်း တောဓလေ့ ခန်းဖွင့်(Hall)လုပ်ထားသဖြင့် ကျယ်ဝန်းလှသည်။ မေမေရှိစဉ်က နောက်ဖေးဘက်ရေကပြင်နားမှာ ဘူးစင်တစ်ခုလုပ်ပြီး ဖရုံ၊ ဘူးအစရှိသော သီးပင်များစိုက်ထားခဲ့သည်။ ညီမအပျိုကြီးကလည်း သစ်ပင်စိုက်အလွန်ဝါသနာပါသူဆိုတော့ ကျွန်တော့်တို့ အိမ်ပတ်ပတ်လည် အပင်ပေါင်းစုံစိုက်သွားခဲ့သည်။ ခုတော့ ကျွန်တော်တို့ဆရာတပည့် အပျင်းတက်တာနှင့် အပင်တော်တော်များများ သေကုန်ကြပြီ။ အိမ်ခြေရင်းမှ အသက်ပြင်းလှသော စကူပန်းခြုံကြီးနှင့် ရေလောင်းစရာမလိုသော အိမ်ရှေ့ပိတောက်ပင်နှစ်ပင်သာ ကောင်းကောင်းမွန်မွန်ကျန်ရစ်သည်။

ဗိုက်ကဆာလာပြီ။ အိမ်မှာထမင်းပူပူနှင့် မနက်စောစောပိုင်းလာရောင်းသွားသော ဘူးသီးကြော်များရှိနေသေးသည်။ သို့သော် ကျွန်တော်ညကတည်းက ချဉ်ခြင်းတပ်နေတာက ရွှေဘုန်းပွင့်ဘုရားနားမှ ကော်ရည်ပူပူလေး။ ပြောရစတမ်းဆိုလျှင် ကျွန်တော်တို့မြို့လေးလောက် သွားရေစာပေါတာ မြန်မာပြည်မှာမရှိလောက်။ ဖေဖေက ခဏခဏပြောဖူးသည်။ ဗိုက်ဆာလို့ အပြင်စက်ဘီးစီးမထွက်နဲ့၊ စက်ဘီးပေါင်စားတာတောင် အာသာမပြေနိုင်ဘူးတဲ့လေ။ ခုလည်း ကျွန်တော် BSA ဆိုင်ကယ်အစုတ်လေးစက်နိုးပြီး မနက်စာရှာပုံတော်ထွက်လာခဲ့နေမိသည်။

ဆိုင်ကယ်စုတ်ကလေးဆိုလို့ ပြောရဦးမည်။ ကျွန်တော်တို့မျိုးက ဆိုင်ကယ်သရဲမျိုး။ ဘီးနှစ်ဘီးတွေတာနဲ့ တက်ခွလိုက်ရမှကျေနပ်တာကလား။ ခုကျွန်တော့်ဆိုင်ကယ်လေးဟာ BSA ပစည်းအစစ်တွေကို ခက်ခက်ခဲခဲရအောင်ရှာဖွေပြီး တစ်ပိုင်းစီပြန်ဆင်ထားတဲ့ဆိုင်ကယ်လေးပါ။ တလောက ရွာပြန်ပြီး လယ်ထောက်ခချထားတာတွေ လိုက်ကောက်နေတုန်း တူတော်မောင်တွေတက်စီးလိုက်တာ တာဘောင်ကပြုတ်ကျလို့ တစ်စစီဖြစ်ကုန်ပါကောလား။ တော်တော်ပြန်ပြင်ယူလိုက်ရတယ်ဗျာ။ အဲဒီထဲက ရွာသွားရင် ဆိုင်ကယ်ယူမသွားရဲတော့ဘူး။

စားသောက်ပြီးတော့ နေ့လည်ဘက်သောက်ဖို့ မုန့်လက်ဆောင်းနှစ်ထုပ်ဆွဲပြန်လာလိုက်သည်။ အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးတော့မည်။ ဗိုက်လေးလေးနှင့် ခဏလောက်အိပ်ရာထဲဝင်လှဲလိုက်တာ တရေးထဲ အိပ်ပျော်သွားသည်။ နေ့လည်ဘက်ပြန်နိုးတော့ ဟိုနှစ်ကောင်ပြန်ရောက်နေပြီ။ အပြင်မှာလဲနေကကျစ်ကျစ်တောက်ပူနေသည်။ အရင်ရက်တွေက အနီးနားမှာရှိသော မဟာစည်ရိပ်သာကျောင်းမှာ တရားသွားထိုင်လေ့ရှိသည်။ ကြာကြာတော့မထိုင်နိုင်တော့၊ ငယ်ငယ်ကဆိုးခဲ့ပေခဲ့သည့်ဒဏ်တွေက ခုမှ ဒုက္ခလာပေးနေသည်။ ခြေထောက်တွေကျဉ်တက်လာလိုက်၊ ဆီးဝမ်းတစ်ခုခုကဖောက်လာလိုက်နှင့်ဆိုတော့ ခုရက်ပိုင်းနားထားရသည်။ ဒါနဲ့ပဲ ကွန်ပျူတာလေးဖွင့်၊ ရေးလက်စ Blog အပိုင်းအစလေးဆက်စာစီနေမိသည်။

ဒီBlogလေးသည် ကျွန်တော့်ရဲ့ဒုတိယမြောက် Blogလေးဖြစ်သည်။ ပထမဆုံးရေးသားခဲ့သောစာမျက်နှာလေးကိုတော့ ဆက်မရေးဖြစ်တော့တာကြာခဲ့ပြီ။ တခါတလေ ငယ်ငယ်ကပေါခဲ့ပုံတွေကို ပြန်သတိရရင်တော့ ပြန်ပြန်ဖွင့်ကြည့်မိနေသေးသည်။ Commentအသစ်တွေလည်း ရပ်ဆိုင်းနေခဲ့လေပြီ။ တခါတလေ လမ်းမှားပြီးဝင်လာတက်သောလူငယ်ပိုင်းတွေက ဝတ်ကျေတမ်းကျေ မန့်သွားလောက်သည်သာရှိတော့သည်။ သူတို့အတွက် လွန်ခဲ့သောအနှစ်နှစ်ဆယ်၊အစိတ်လောက်ကစာတွေသည် ခေတ်ဟောင်းရုပ်ရှင်ကားတစ်ခုလို အဖြူအမဲပုံရိပ်တွေသာ ဖြစ်နေတော့သည်လေ။ ခုရေးနေသည့် Blogလေးကတော့ လူကြီးတစ်ယောက်ဧ။်အမြင်ကို လူငယ်တွေကို လက်ဆင့်ကမ်းချင်တာလေးတွေ ရေးရန်နှင့် မီးစာကုန်တော့မည်အချိန်တွေကို တန်ဖိုးတစ်ခုနှင့်လဲလှယ်ယူဖို့ သက်သက်ရေးနေမိခြင်းသာဖြစ်သည်။ ဖတ်မည့်သူတော့ သိပ်မရှိလှ။ စင်ကာပူမှာအိမ်ထောင်ကျ၊ဘဝသစ်တည်ထောင်နေသော ကိုရွာသားတို့၊ သက်ပိုင်သူတို့ အုပ်စုသာ စိတ်လိုလက်ရလာလည်လေ့ရှိကြတော့သည်။ သူတို့လည်း စာတွေဆက်ရေးနေကြသေးသည်။ အရွယ်တွေရလာတော့ သူတို့ရေးသည်စာတွေလည်း ရင့်ကျက်လေးပင်လာခဲ့ကြသည်။ ကျွန်တော်တို့ အဘိုးကြီးအုပ်စုဧ။်စာများကို ကျွန်တော်တို့ အဘိုးကြီးတွေသာ ဖတ်လို့ရကြတော့သည်။ ခေတ်တွေလည်း ပြောင်းခဲ့ပြီပဲ။ တချိန်က နေပူပူ၊ ခြောက်ကပ်ကပ်နှင့် မြို့ပြင်ရွာစွန်တွေမှတကသိုလ်တွေလည်း ခုမြို့ထဲပြန်ရောက်နေကြပြီ။ တချိန်ကလို သူတပါးတိုင်းပြည်မှာ အောက်ကျခံသွားအလုပ်လုပ်ခဲ့ရသည့်ခေတ်တွေလည်း ကုန်လွန်ခဲ့ပြီ။ မိသားစုအရိပ်အောက်က မထွက်ပဲ ကိုယ့်မြို့မှာပင် ကိုယ့်အတွက်လုပ်စရာ ထိုက်တန်သည့်အလုပ်တွေက တပုံတပင်။ အရှိန်အဟုန်တခုနှင့် အပြင်းခုတ်မောင်းနေသော နိုင်ငံသစ်တစ်ခုတွင် ကျွန်တော်တို့လို သက်ကြားအိုတွေအတွက် နေရာမရှိတော့။ ခေတ်လူငယ်တွေ ကံကောင်းကြပါပေသည်။

ညနေစောင်းလာတော့ တိုက်ခက်သည့်လေထဲတွင် အအေးဓာတ်တွေပါလာသည်။ ချမ်းစိမ့်စိမ့်ဖြစ်လာသည်နှင့် ရေနွေးအိုးတည်၊ နောက်ဖေးအုတ်ကန်ထဲမှ ရေနှင့်ရောစပ် ရေချိုးလိုက်သည်။ နောက်တော့ ဆိုင်ကယ်လေးစက်နိုးပြီး ရွှေဆံတော်ဘုရားသို့ထွက်လာခဲ့သည်။ ဘုရားရှိရာတောင်ကုန်းပေါ်မှ နေဝင်ချိန်ကို ငေးမောရသည့်အရသာသည် ဘာနဲ့မှလဲလို့မရ။ ကျွန်တော် ပြည်မှာခေါင်းချဖို့ရည်ရွယ်ခဲ့ရသည့် အကြောင်းတွေထဲတွင် ဒါလဲတစ်ခုအပါအဝင်ဖြစ်သည်။ နေလုံးကြီးသည် တစ်ဖက်ကမ်း ဖိုးဝင်းတောင်နောက်သို့ ဝင်ပုန်းရန်တာစူနေသည်။ ဧရာဝတီမြစ်ပြင်တစ်ခုလုံးလဲ နေရောင်နှင့် ရဲရဲတွက်နေသည်။ ကျွန်တော်တို့ဘဝတွေသည်လည်း နေဝင်ကြရတော့မည်။ ကံကောင်းလှသဖြင့် အသက် ၅၀ကျော်လာသည့်အထိ ဆေးရုံရောက်လောက်သည့်ရောဂါကြီးကြီးမားမားမရှိခဲ့ဘူး။ သို့သော် လမ်းဆုံးတစ်ခုကိုတော့ ဘယ်သူမှ ရှောင်လွဲလို့မရတာအသေအချာ။ ကျွန်တော်ကျေနပ်ပါသည်။ ကျွန်တော် မိဘနှစ်ပါးအပေါ်တာဝန်ကျေခဲ့ပြီ။ ညီအကိုမောင်နှမတွေကိုလည်း ထိုက်သင့်သလောက် ပျိုးထောင်ပြုစုပေးခဲ့ပြီးပြီ။ ဆွေမျိုးအသိုင်းအဝိုင်းများကိုလည်း ကူညီနိုင်သလောက်ကူညီခြဲ့ပီးပြီ။ အိမ်ထောင်မှုဒုက္ခတွေလည်းမရှိ၊ နောက်ဆံတင်းစရာ သားသမီးတွေလည်းမရှိ။ ကျွန်တော့်ပျောက်ကွယ်ရမည့်နေ့တွင် ဧရာဝတီမြစ်ရေလို ရဲရဲတွက်ငိုကြွေးမည့်သူလဲမရှိ။ တိတိကျကျပြောရလျှင် ကျွန်တော့်အတွက် အားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီ။

ဘုရားပေါ်ကဆင်းတော့ မိုးတော်တော်ချုပ်နေပြီ။ ဗိုက်ထဲမှာတကြုပ်ကြုပ်ဖြစ်လာသည်နှင့် လမ်းမတော်ထဲမှ လက်ဖတ်ရည်ဆိုင်တစ်ခုသို့ချိုးဝင်လိုက်ပြီး နံပြားနှင့်ပဲပြုတ်မှာစားလိုက်သည်။ ကျွန်တော် ညဘက်ထမင်းမစားတာ တစ်နှစ်ခန့်ရှိပြီ။ ဥပုသ်စောင့်သည်ဆိုတာထက် အသက်အရွယ်အရ ကျေခဲလှသော ညစာကိုရှောင်နေလိုက်သည်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ခုလိုမျိုးညဘက် မာကျုရီမီးရောင်အောက်မှာ ဆိုင်ကယ်စီးရတာလည်းအရသာတစ်မျိုး။ ငယ်ငယ်တုန်းကတော့မက်ခဲ့သည့်အိပ်မက်တွေထဲမှာ ခုလိုအချိန်မျိုးဆို ကယ်ရီရာခုံပေါ်မှာ ကျွန်တော့်ကို ခါးဖတ်လိုက်မည့်လူတစ်ယောက်ပါ ထည့်သွင်းခဲ့ဖူးသည်ပေါ့။ ခုတော့လည်း တစ်ယောက်တည်းပေါ့လေ။ အသက်၃၀ဝန်းကျင်က လူပျိုကြီးဟုအခေါ်ခံရတိုင်း ဖြစ်ဖြစ်သွားနေကျ စိတ်အားငယ်မှုမျိုးလည်းမရှိတော့ပေ။ တခါတလေ ကိုယ့်ကိုပြန်မကြိုက်ကြသော ကောင်မလေးများ (ခုတော့အဘွားကြီးတွေပေါ့လေ)ကိုတောင် ကျေးဇူးတင်နေမိသေးသည်။

အိမ်ထဲဝင်လိုက်တော့ တူတော်မောင်နှစ်ယောက် စာကျက်နေသံကြားသည်။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကိုယ့်အခန်းထဲ ကိုယ်ဝင်လိုက်ပြီး CD Playerလေးဖွင့်ကာ သီချင်းနားထောင်နေမိသည်။ ဘာလုပ်ရကောင်းမလဲစဉ်းစားရင်း ခေါင်းရင်းစာအုပ်စင်မှ စာအုပ်တစ်အုပ်ထဆွဲယူလိုက်တော့ ရွှေသွေးပေါင်းချုပ်ကြီးပါလာသည်။ ဒီစာစောင်တွဲကြီးက နှယ်နှယ်ရရမဟုတ်။ တလောက ရန်ကုန်ဆင်းတုန်း စာအုပ်ဟောင်းတွေလေလံပစ်နေတာနှင့် ကြုံသဖြင့် ဈေးကြီးပေးလေလံဆွဲလာခြင်းဖြစ်သည်။ ခုလိုခေတ်ကြီးမှာ ကာတွန်းစာအုပ်ဆိုသောမှာ အသုံးအနှုန်းပင် ပျောက်ကွယ်လုမတက်ဖြစ်နေသည်လေ။ ရွှေသွေးဖတ်လိုက်၊ ရယ်လိုက်၊ သီချင်းလေးနားထောင်လိုက်နှင့် ကြာလာတော့မျက်လုံးညောင်းလာဖြင့် မီးထပိတ်ပြီး အိပ်ရာပေါ်လဲနေလိုက်သည်။ အပြင်ဖက်မှတော့ ညသည် ပုရစ်သံတွေ၊ ပိုးကောင်မွှားကောင်အသံတွေနှင့် တိတ်တဆိတ်ဆူညံနေသည်။ ကျွန်တော့်အတွက်ကော၊ ဒီလိုညတွေဘယ်လောက်ကျန်နေသေးသလဲ။ ပျင်းရိစရာကောင်းလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည့် ဒီဘဝဒီခန္ဓာကြီးကိုကော ဘယ်လောက်ကြာကြာဆက်ထမ်းထားရဦးမှာလဲ။ သံသရာဆိုသည့်ကို ယုံကြည်သည့် မြန်မာလူမျိုးတစ်ယောက်အတွက် နေ့သစ်ဆိုတာတွေက ကြောက်စရာကောင်းလှသည်လေ။ မသေချာလှသော်လည်း ဖြစ်နိုင်မယ်ဆိုလျှင်တော့ ထိုနေ့သစ်များအတွက် ဆုတောင်းရာထောင်၊ အိပ်မက်ရာထောင်ကို တွေးနေမိရင်း ကျွန်တော် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားသည်။

လောကကြီးသည် ဒီလိုဆိုတော့လည်း ငြိမ်းချမ်းလှပါပေသည်။


ဖိုးသင်္ကြန်



ကဲ၊ ဒီလောက်ဆို ကျွန်တော်နောက်အနှစ်သုံးဆယ်လောက်ဆို ဘယ်လိုနေမလဲဆိုတာ သိလောက်ရောပေါ့နော့။ ကျန်တဲ့ကိုကိုမမတွေရဲ့ အနာဂတ်နေ့ရက်တွေအကြောင်းလဲ သိချင်တယ်ဗျ။ ဒီတော့

အနှစ်သုံးဆယ်ဆိုသေလောက်ပြီလို့ပြောလို့ နှစ်ဆယ်လောက်နဲ့လျှော့ပေးထားတဲ့ အကိုတော် ကိုရွာသား(ကြီး)

သယ်ရင်း သက်ပိုင်ပြောင်နဲ့စိမ်းစိမ်း

ငြိမ်နေတာကြာပြီဖြစ်တဲ့ဗီလိန်

မတော်ရသေးတဲ့ ယောကမကြီး ကိုသီဟသစ်နဲ့

ကဗျာတွေချည်း လှိမ့်ပိမ့်ရေးနေတဲ့ မြရေလျဉ်တို့ကို တဂ်ပါသဗျာ။ နီးစပ်ရာတွေလည်း ဆက်တဂ်လိုက်ကြပါဦး။ ဖတ်ရတာပေါ့။



10 comments:

ရွာသားလေးဝိုင်တီယူ said...

အင်းအဲ့ ကြက်သွန်ခင်းကတော့ မြေလှန်မှကို ရတော့မယ်ထင်တယ်

စိမ်းစိမ်း said...

အရမ်းအေးချမ်းတဲ့ စိတ်ကူးပဲ :)

zarchi said...

အဲဒီအချိန်ကျတော့ ငါလည်းအဖွားကြီးပေါ့ဟယ်..
ဒါပေမယ့်ဖုရားဖူးထွက်ရင်းလမ်းကြုံရင် ငါ့မြေးတွေနဲ့ နင့်အိမ်ကိုလာလည်မှာပေါ့...ဟီးဟီး

msd said...

zarchi ka grandchild tway taung par like thay tal ha. hehehehehe :P
taw taw ye ya tal.

msd said...

ှုI don't think u will be alone at that time. nint home ka mane ma shar htar phot pyaw like mal. How?

သက်ပိုင်သူ said...

နောက်ထပ် နှစ်၃၀ကြာတာတောင် ကြိုက်မယ့်သူမရှိလို့
တကိုယ်တည်း အပျိုကြီးပေါ့
ဟီးဟီး
လွယ်ပါတယ်
ရန်ကုန်မြို့ကြီး ဘက်စ်ကား ပတ်ပတ်စီးလိုက် .. ကံကြုံရင် Wကို ကားပေါ်မှာ ဗိုက်ကြီးတကားကားနဲ့ ပြန်တွေံလိမ့်မယ်... ဟီးဟီး နီကိုရဲရဲ့ မကြည်ပြာလို ဆေးရုံပို့ပြီး လက်မှတ်လိုက်ထိုးပေးလိုက်ပေါ့

သီဟသစ် said...

ဖိုးသင်္ကြန်ရေ..

အေးချမ်းလိုက်တဲ့ စိတ်ကူးလေးပဲ..

အဆင်ပြေတဲ့အခါ ရေးမယ်နော်.. Thanks for tagging.

ခင်မင်စွာဖြင့်
သီဟသစ်

GreenGirl said...

ေ၇းပြီးကြောင်း

အိမ် said...

နောင်အနှစ်၃၀ ဟုတ်လား... အားပါးပါး သေပြီဆရာ ကျနော်တို့တော့ သေပြီ အဲလောက်ခံပါ့မလားတောင်မသိဘူး။ ကိုယ့်မိုက်ကမ်းထားတာတွေ၊ ဂရုမစိုက်ထားတာတွေ အများကြီးဆိုတော့ ခံပါ့မလား။

ဗီလိန် said...

ရေးပြီးပါကြောင်း သတင်းပို့.....
နှစ် ၂၀ ဖြစ်သွားလို့ ကိုရွာသားနဲ့ တစ်ဈေးထဲ ထားပေးပါရန်.....
ဒီနေရာ
မှာ ဖတ်လို့ရပါပြီ။