သံသရာစက်ဝန်းကြီးကို ရွံ့ရှာပျင်းရိလှပါသဖြင့် ဒီဘဝ အိမ်ထောင်မပြု၊ သားမမွေးပဲ တနေ့နေ့ ဝတ်ကြောင်ကို စွန့်ဖို့ အားခဲထားပါသော်ငြားလည်း မိဘများက တိုက်တွန်း၍သော်လည်းကောင်း၊ အကိုအမ၊ ညီညီမတို့က အမြင်မတော်၍ သင့်ရာရှာပေးလိုလျှင်သော်လည်းကောင်း ကျွန်တော် ဖန်သကြိုးခမျာ ရွေးစရာသိပ်မရှိလှပဲ မဒီတစ်ယောက်ကို လက်ညှိုးထိုးရပါလိမ့်မည်။ သို့သော်ငြားလည်း ဘုရားအလောင်းသူတော်ကောင်းများ အိမ်ထောင်မှုကို ငြင်းလိုသည့်အခါ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ကျွန်တော်လည်း သိဂီင်္ရွှေရုပ်တစ်ခုတော့ ထုပြထားပါမည်။ ဤရွှေရုပ်နှင့် ထပ်တူမကျ၊ တစုံတခု ချွတ်ယွင်းတိမ်းပါးခဲ့ပါက ကျွန်တော့်ဘက်က လုံးဝလက်ခံစဉ်းစားမည် မဟုတ်ပါကြောင်း....
ဆံနွယ်
ကတုံးနှင့် ဘိုကေမှာ လွဲလျှင် စဉ်းစားပေးနိုင်ပါသည်။ သို့သော် အရောင်ပေါင်းများစွာ ဆိုးခြယ်ထားခြင်း၊ မလိုအပ်ပဲ သပွတ်အူလို ကောက်လိမ်ထားခြင်း၊ ဖြူကောင်ကြီးလို ပွလှန်ထားခြင်းမျိုးကိုတော့ ဝေရာမနိပါသည်။ မူလကတည်းက ရိုးရှင်းမှုကို တန်ဖိုးထားသူဖြစ်သည့်အတွက် ရိုးရိုးအေးအေးလေး ဆံပင်ရှည်ရှည်ကို ပြုပြင်ထားသူများအား ပိုအလေးထားမိပါမည်။ ထို့အပြင် ကျွန်တော်သည် ခေါင်းလျှော်ပြီးစ ဆံပင်မှထွက်အပ်သော ခေါင်းလျှော်ရည်နံ့သင်းသင်းလေးကို Craze ဖြစ်သူဖြစ်သဖြင့် Dryer သုံးပြီး ဆံပင်ခြောက်သွေ့စေသူများကို သိပ်သဘောမတွေ့လှကြောင်း သိထားစေလိုပါသည်။
နဖူး
သိပ်ပြောင်လွန်း၊ ထင်းလွန်းလျှင် မကြိုက်လှပါ။ သို့သော် နဖူးကျဉ်းပြီးတိုသော ခပ်ကုတ်ကုတ်မျက်နှာထားပုံစံများကိုလည်း အလိုမကျလှပါ။ ထို့ကြောင့် ကျွန်တော်လိုချင်သော နဖူးပုံစံမှာ လက်လေးသစ်ထက်မပိုသော၊ ဆံပင်လှန်တင်လိုက်လျှင် အရေးအကြောင်းများကင်းစင်၍ ရှင်းရှင်းသန့်သန့်လေးဖြစ်နေသောပုံစံ ဖြစ်ပါမည်။
မျက်ခုံး
ခေတ်ကာလသမီးပျိုများကြား ခေတ်စားလှပါသော မျက်ခုံးပြုပြင်ခြင်းများ၊ မျက်ခုံးဆိုးဆေးများကို ဘဝင်မကျလှပါ။ အထူးသဖြင့် သဘာဝတရားကို ဆန့်ကျင်စွာ နှူတ်ရိတ်စီရင်အပ်သော Artificial မျက်ခုံးများကို အလွန်မုန်းတီးပါသည်။ တမွေးမကျန်နှုတ်ပြီး အနီအနက် ရောင်စုံများ ဆိုးခြယ်ထားမှုကိုလည်း အလွန်စိတ်ကုန်လှပါသည်။ မိမိမျက်နှာပုံစံနှင့် လိုက်လျောညီထွေစွာ မဆိုသလောက် ပြုပြင်ထားခြင်းမျိုးကိုတော့ ကျေနပ်သဘောကျမိပါသည်။
မျက်တောင်
မျက်ခုံးပုံစံနည်းတူ ပြုပြင်စီရင်၍ အတုတပ်သူ၊ Liner ထူထူကြီး အမြဲဆိုးသူများကို သဘောမတွေ့ပါ။ ထို့ကြောင့် ကျွန်တော်လိုချင်သော ရွှေရုပ်တွင် မဖြစ်မနေဆိုပါက L'oreal H.I.P Sculpted 106 လို ခပ်ဖျော့ဖျော့ နှစ်ရောင်စပ်လေးလောက်သာ ပါစေလိုပါသည်။
ကျမ်းဂန်များအရ မျက်တောင်မခတ်သူသည် ဘီလူးဖြစ်သည်ဟုဆိုပါသည်။ ထို့ကြောင့် Blink Rate တမိနစ်ကို ဆယ်ကြိမ် ပျမ်းမျှရှိစေလိုပါသည်။
မျက်လုံး
ပြူးလွန်းလျှင် မကြိုက်ပါ။ မှေးလွန်းလျှင်လည်း စိတ်မဝင်စားပါ။ ကြောင်တောင်တောင် ငေးတက်လျှင်လည်း သဘောမကျပါ။ ကျီးကန်းတောင်းမှောက် လိုက်ကြည့်တက်လျှင်လည်း မကောင်းပါ။ ခိုးကြောင်ခိုးဝှက် စွေကြည့်တက်တာမျိုးကို မုန်းပါသည်။ လူတိုင်းကို မျက်စောင်းထိုးတက်လျှင် မသတီပါ။ အဖြူခံများလျှင်လည်း မကြိုက်ပါ။ အနက်ဆံကြီးလျှင်လည်း မခိုက်ပါ။ မျက်လုံးသည် စိတ်၏ပြူတင်းဟု ဆိုကြပါသည်။ ထို့ကြောင့် အတွင်းစိတ်ကို လိုအပ်သလောက် ဖွင့်လှစ်ပြထားသော မျက်ဝန်းအေးအေးလေးများကို ကျွန်တော်နှစ်သက်ပါသည်။
ပါးပြင်
ဖြစ်နိုင်လျှင် ကျွန်တော့်ရွှေရုပ်ကို သနပ်ခါးလူးစေချင်ပါသည်။ လည်ပင်း၊ ခြေလက်တို့နှင့် အရောင်ဆန့်ကျင်မတက် လူးခြယ်ထားသူများကို အလွန်မုန်းတီးပါသည်။ ရှာရခက်၍ မဖြစ်နိုင်လွန်းဘူးဆိုရင်တော့ Revlon ColorStay Make up လောက်လိမ်းပြီး ခပ်ပါးပါးBlushဖို့ထားလျှင် လုံလောက်ပါသည်။ ပါးပြင်တွင် ကျောက်ပေါက်မာ မရှိရပါ။ မျက်ရည်ခံမှဲ့မရှိရပါ။ ကလေးလေးလို ပါးစုံ့ကြီးတွေ အစ်နေတာလည်း မကောင်းပါ။ ပါးခွက်ခွက်ကြီးလည်း မကြိုက်ပါ။ ချွေးပေါက်ကျယ်၍ ဆားဝက်ခြံများထွက်တက်ခြင်းကိုလည်း လက်မခံပါ။ ပါးပြင်ကို လက်တို့လိုက်လျှင် ကျွံ့ကျသွားအောင် ပျော့အိမနေရပဲ ကျောက်ဖျာကြီးလိုလည်း တင်းခံမနေရပါ။ ( ဆက်မရေးတော့ဘူးနော်၊ တော်ကြာ အောင်သွယ်တွေ လိုက်ရိုက်ခံမှာစိုးလို့...ဟ။ဲ)
နှာခေါင်း
ချေး(ဂျီး) သိပ်မများတော့ပါ။ နှာတံစင်းစင်း၊ နှာရင်းမို့မို့၊ နှာသီး(အနည်းငယ်) ချွန်ချွန်၊ နှာဖျား ကျဉ်ကျဉ်လေး ဆိုလျှင်လုံလောက်ပါသည်။
နှုတ်ခမ်း
နှုတ်ခမ်းသည် အလျားလိုက် လက်လေးလုံးထက် ပိုမပြဲရ။ အောက်နှုတ်ခမ်းသည် အပေါ်နှုတ်ခမ်းထက် အနည်းငယ်ပိုထူရမည်ဖြစ်ပြီး အပေါ်နှုတ်ခမ်းသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်သန်းတစ်လုံးထက် ပိုမထူရ။ အောက်သွားမပေါ်အောင် ရယ်တက်ရမည်ဖြစ်ပြီး ပေါ်လာမည့်အပေါ်သွားများသည်လည်း တချောင်းနှင့်တချောင်း ကြီးစဉ်ငယ်လိုက် စီရီနေရမည်။ ပါးချိုင့်ပေါ်အောင် ပြုံးခြင်းကို လက်ခံသော်လည်း အတင်းပေါ်အောင် လုပ်ပြုံးတက်သူများကို မကြိုက်ပါ။ နှုတ်ခမ်းခဏခဏသပ်တက်သော မိန်းကလေးမျိုးများကို အလွန်ကြောက်ပါသည်။ ပန်းဆီရောင်နှုတ်ခမ်းနီဆိုးသူများကို နှစ်သက်သည်ကိုလည်း သတိပြုစေလိုပါသည်။
နားရွက်
ဆံပင်ကို နားရွက်ပေါ်အောင် ခဏခဏသပ်တင်သူများကို မကြိုက်ပါ။ နားရွက်သည် ခေါင်းနှင့် သိပ်မကွာရ (မကားရပဲ) အဖျားပိုင်းသည်လည်း သိပ်မရှည်ရ။ နားဆွဲရှည်ရှည်မဆွဲရ။ နားပေါက်အများကြီးလည်း မရှိရ။
ဆက်မရေးသေးပါ။ အထက်ပါ ရွှေရုပ်၏ခေါင်းပိုင်းနှင့် ကိုက်ညီသူတွေ့ပါက နောက်ထပ် ကိုယ်ပိုင်းကို ဆက်လက် ထုလုပ်ပြပါမည်။ အလုံးစုံ ပြည့်စုံပြီး သဲ (သလဲ) စင်သည်ဆိုပါက ကျွန်တော် ဖန်သကြိုး ရွှေထီးဆောင်း သေရမည်ကို စွန့်လွှတ်၍ လူ့ဘောင်လူ့စရိုက် အိမ်ထောင်မှုကို ပြန်လည် စဉ်းစားပေးမည် ဖြစ်ပါကြောင်း....
ဖိုးသင်္ကြန်
Subscribe
18 comments:
ကိုဖန် လိုချင်သောအင်္ဂါရပ်နဲ့ပြည့်စုံ
တဲ့ရွှေရုပ်ကိုအမြန်ဆုံးတွေ.ပါစေ...
ဒါမှဆက်ဖတ်ရမှာ :P
အင်း ...
မထင်.. မထင်ဘူး
(ဆွေး ဆွေး ဆွေး - အငဲသီချင်းသံစဉ်) ဖြင့်ဆိုသွားသည်
အိမ်း ရှိစေတော့ မောင်မင်း။ မောင်မင်းစိတ်လေး ချမ်းသာနေတာပဲ ကျုပ်တို့ အေးချမ်းလေတယ်........။
အမလေး သင်္ကြန်လေးရေ...ကျုပ်လဲ မောင်သီဟ ပြောသလိုပါပဲဟယ်...ရှာတော့ ရှာကြည့်ဦးမှပဲ သူ ပြောထားတာလေးနဲ့ တူသူ တွေ့လို တွေ့ငြား ပေါ့..း)
ကိုသီဟလေသံကိုပဲအက်ကိုးထည့်မယ်....
မထင်ဟင်ဟင်ဟင်
:D
ဒါပေမယ့်စိတ်ညစ်တယ်တော့မလုပ်နဲ့
ဖန်သကြိုးရေ
အားမလျှော့နဲ့
မွေးကင်းစကလေးတစ်ယောက်ကိုငယ်တည်းက
ကိုယ်လိုချင်တဲ့ပုံ
ပြုစုပျိုးထောင်ပေးထားရင်
ဖြစ်နိုင်တယ်မောင်လေး
အပ်ချမတ်ချကိုဖြစ်မှာ။
လှတပတ ကလေးလေးတစ်ယောက်ကိုသာ
စိတ်ကြိုက်ရွေးလိုက်ပေတော့:P
ရမှာပါ မြင်ယောင်သေးတယ် နင်လိုချင်တဲ့ အတိုင်းရမှာပါး) စကားမစပ် အဲ့ဒါတွေက ပုံပြင်လားဟင်
လေးစားလျက်
တောင်ပေါ်သား
အဲဒီလို အရုပ်မျိုး အပြင်မှာ တကယ်ရှိရင် ကျွန်တော်လည်း ယူချင်တယ်။ အနည်းဆုံး နှစ်စုံရှိရင် ကောင်းမယ်နော်။ တယောက် တခုပေါ့။ မဟုတ်ရင် အဝေမတည့် ဖြစ်နေအုံးမယ်။ အဟား...
နင်ပြောထားတဲ့အချက်တွေကငါနဲ့ကွက်တိဖြစ်နေပါလား။ ဒါပေမဲ့သယ်ရင်းရယ် ဝမ်းနည်းပါတယ်အဟိ။ ဦးသူကရှိနှင့်နေပြီဆိုတော့လဲ၊ ဆုပဲတောင်းပေးလိုက်မယ် ပြည့်စုံပါစေလို့နော်။
နင်ပြောတဲ့အချက်တွေနဲ့ ကိုက်ညီနေမှတော့
နင်ကြိုက်ပါ့မလားး ဖန်သကြိုးရယ်
စဉ်းစဉ်းစားစားလဲ ပြောဘာာာာာာ
အထက်ပါ အချက်များ နဲ့ ကိုက်ညီ မညီ သီတင်းကျွတ်လပြည့် ညက ဘုန်းကြီးကျောင်းမှာတွေ့လိုက်တဲ့ သူနဲ့ တိုက်ဆိုင် ကြည့်ရင် ကောင်းမလား
ရာနှုန်းပြည့်ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သို့သော်...
တကယ်တမ်းကျရင် ဘယ်လို မိန်းကလေးမျိုးနဲ့ တွေ့မလဲလို့ ကြည့်ချင်သေးတယ်နော်... ဟိ..
တကယ်တမ်း မဖြစ်မနေ လက်ညိုးထိုးရမည်ဆိုပါက ရုပ်ရည်ရုပါကထက် စိတ်နေစိတ်ထားကို အလေးထားစိစစ်စေချင်ပါတယ်။ လှတာမက်ရင် ညစာခက်တယ်တဲ့။ ဘယ်ညစာခက်မှန်းတော့ သိဘူးရယ်။ စိတ်သဘောထား နူးညံ့သိမ့်မွေ့ပြီး နတ်မိမယ်တမျှ လှပတဲ့ ကြင်ယာဖတ်ကို လက်ညိုးထိုးနိုင်ပါစေဗျာ။ (ရှာတွေ့နိုင်ပါစေဟုဆိုလိုပါသည်။ လက်ညိုးနှင့်သွားထိုးသည်ဟု မမှတ်ယူပါလေနှင့်)
အင်... မှတ်သားလောက်ပါပေတယ်ဗျာ... ကိုယ့်ဆြာကို ရှာပေးဖို့နေနေသာသာ ကျနော်တောင် လိုက်ရှာနေတာ တွေ့ရင်လက်တို့ဦး သိလား..ဟိ
တွေ့မှာပါ ကိုဖိုးသင်္ကြန်ရေ.. အမြန်ဆုံးတွေ့ပါစေ.
တွေ့ရင်လည်း ပြန်တင်ပေးဦးနော် ဓါတ်ပုံနှင့်တကွ ပေါ့.
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
L'oreal H.I.P Sculpted 106 တို့ Revlon ColorStay Make up တို့လည်း သိတာကိုး ဟိုးဟိုး...:)
သွားရင်းလာရင်းများရွှေရုပ်လေးနဲ့တူတာ တွေ့ရင် လက်တို့လိုက်ပါမယ်...ခိခိ
တွေ့ထားတယ်။
ခင်ဗျားကို လက်တို့ရမယ် ဟုတ်လား။
ဘယ်ပြောလိမ့်မလဲ။
ကိုယ့်ဖာသာကြံမှာပေါ့။
:)
Post a Comment