-နောက်ခံကားချပ်တွင် သိပ္ပံစမ်းသပ်ခန်းတစ်ခု၏ပုံ ရေးဆွဲရန်၊
-ဇာတ်ခုံအလယ်၌ စားပွဲခုံရှည်ကြီးတစ်လုံးချထားပြီး စာရွက်များ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပြန့်ကျဲနေစေ၊
-စားပွဲခုံကြီးဘေးပတ်လည်၌ ကုလားထိုင်ခုံများ ၃၊ ၄လုံးခန့် ချထားစေ၊
-ဇာတ်စင်၏တဖက်၌ ကြီးမားသော စက်လုံးပုံသဏ္ဍာန်တစ်ခုကို ငွေရောင်စက္ကူများဖြင့်ပတ်ပြီး အပေါ်မှ ပိတ်ဖြူအုပ်ထားစေ။
ဇာတ်ကောင်များ။ ။
ဦးသော်ကောင်း - ရူပဗေဒ သိပ္ပံပညာရှင်၊ အသက် (၅၀)ခန့်၊ အသားခပ်လတ်လတ်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ သွပ်သွပ်လတ်လတ်၊ စိတ်ဖိစီးမှုကြောင့် မျက်နှာခပ်နွမ်းနွမ်းဖြစ်နေစေ။
လင်းထင် - တက္ကသိုလ်ကျောင်းသား၊ ဦးသော်ကောင်း၏ တူ၊ မိဘမဲ့၊ အသက် (၂၁)နှစ်ခန့်၊လူပုံ ပုပြတ်ပြတ်၊ စိတ်ထားခက်ထန်ပုံရပြီး တဇွတ်ထိုးပြုမူလေ့ရှိသူ။
ဖိုးမောင် - ဆိုက်ကားဆရာ၊ ဦးသော်ကောင်း၏ မိတ်ဆွေ၊ အသက် ၃၀ကျော်၊ မုဆိုးဖို၊ ပျော်ပျော်နေတက်ပုံရ၊ အရက်ခိုးဝေနေသော မျက်လုံးများရှိပြီး ဖိုသီဖတ်သီ ဝတ်စားထားစေ။
သော်တာ - မအောင်မြင်သေးသော စာရေးဆရာပေါက်စ၊ အသက် (၂၅)နှစ်၊ လောကကို အချဉ်ပေါက်နေပြီး ခပ်မဲ့မဲ့ပြုံးတက်သူ၊ ကျမ်းမာရေးချူခြာပုံပေါက်၍ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေစေ။
မိုးဝေ - စစ်မှုထမ်းဟောင်းတစ်ယောက်၊ အသက် (၂၈)နှစ်ခန့်၊ ဝဲဘက်မျက်လုံးပျက်စီးသွား၍ ကျောက်မျက်လုံးထည့်ထားစေ၊ အရာရာကို ဦးဆောင်လိုသူဖြစ်ပြီး စကားပြောကောင်းသူဖြစ်စေ။
မိစု - တက္ကသိုလ်ကျောင်းသူ၊ လင်းထင်၏သူငယ်ချင်း၊ ရုပ်ရည်သာမာန် အသက် (၂၀)ခန့်၊ တည်ငြိမ်အေးဆေးပြီး သိမ်သိမ်မွေ့မွေ့နေတက်သူဖြစ်စေ။
နောက်ခံတီးလုံးနှင့် မီး။ ။ ပြဇာတ်အစ၌ အမှောင်ချထားပြီး စားပွဲခုံပတ်လည်သို့သာ စလိုက်မီးထိုးထားစေ။ တီးဝိုင်းမှ XXXXXXXXXX ခပ်တိုးတိုး တီးထားစေ။
ကားလိပ်ဖွင့်
(ဇာတ်စင်ပေါ်၌ ဦးသော်ကောင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ)
ဦး - (လက်မှနာရီကို ပင့်ကြည့်ပြီး) ည ၁၁နာရီတောင်ထိုးတော့မှာပါလား။ ဒီကလေးတွေ နောက်ကျလိုက်တာကွာ။ ဒုက္ခတွေတော့ များကုန်တော့မှာပဲ။
(ဇာတ်စင်တစ်ဖက်မှ လင်းထင်၊ သော်တာ၊ မိုးဝေ၊ မိစုတို့ ဝင်လာ)
ထင် - ကဲ ဦးလေး၊ နေ့လည်က ဦးလေး ခေါ်ခိုင်းထားတဲ့လူတွေ ကျွန်တော်ခေါ်လာပြီ။ မိစုကတော့ ကျွန်တော့်ကို ကျောင်းစာအုပ်တွေ ပေးရင်းနဲ့ ဝင်လာတာ။ ဟိုအရက်သမား ဆိုက်ကားဆရာကိုတော့ ရှာမရလို့ ဂိတ်ကလူတွေကိုပဲ တဆင့်မှာခိုင်းထားလိုက်ရတယ်ဗျ။
မိုး - (ခုံအလွတ်တစ်ခုကို ဆွဲထိုင်လိုက်ရင်း) ဆိုပါဦး၊ ဆရာကြီးရဲ့၊ ခုလိုလူစုခေါ်ပုံထောက်တော့ ခင်ဗျားမယ် ထူးထူးခြားခြား အကူအညီတောင်းစရာရှိနေပြီထင်ပ။
သော် - ကိုမိုးဝေပြောတာ ဟုတ်တယ်။ အန်ကယ်နဲ့ ကျွန်တော်က ရပ်ကွက်ထဲမှာ မျက်မှန်းတမ်းမိယုံလောက်ပဲ သိကြတာ မဟုတ်လား။ ခုလိုမျိုး အရေးတကြီး အခေါ်ခံရတော့ ကျွန်တော်တော်တော် အံ့သြနေတာခင်ဗျ။
ဦး - မှန်ပါတယ်၊ ကိုမိုးဝေနဲ့ မောင်သော်တာ။ ခုဦးမှာ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခု အမောင်တို့နဲ့ တိုင်ပင်ချင်လို့ ခုလိုခေါ်လိုက်ရတာပါ။ ဦးမှာ သိပ်အချိန်မကျန်တော့တဲ့ အတွက် ခု ဦးပြောတာတွေကို မေးခွန်းပြန်မထုတ်ပဲ ဆုံးအောင်နားထောင်ပေးဖို့ အရင်တောင်းပန်လိုပါတယ်။
ထင် - သိပ်အချိန်မကျန်တော့ဘူးဆိုတာ ဘာသဘောလဲ၊ ဦးလေး။ ဦးလေး ဘာတွေ ဖြစ်နေတာလဲ။
ဦး - (လင်းထင်ကို လက်ကာပြရင်း ဆက်ပြောစေ) ပထမဆုံးပြောလိုတာက ဦးဟာ မင်းတို့သိထားတဲ့အတိုင်း ရူပဗေဒ သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ကိုမှ မယူပဲ ကိုယ့်မှာရှိသလောက်လေးနဲ့ လူတွေအတွက် အကျိုးရှိစေမယ့် စမ်းသပ်မှုတွေကို ပြုနေတဲ့လူတစ်ယောက်ဆိုပါတော့ကွာ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဦးဟာ အလွန်တန်ဖိုးရှိပြီး ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။ အဲဒါကတော့ ဟောဟိုမှာ မြင်နေရတဲ့ ယန္တရားကြီးပါပဲ။
(ဇာတ်စင်တစ်ဖက်ရှိ ပိတ်ဖြူအုပ်ထားသော စက်လုံးသို့ စလိုက်လိမ္မော်ရောင်ထိုးစေ)
မိုး - ကျွန်တော် အခန်းထဲ ဝင်လာကတည်းက သတိပြုမိပါတယ်၊ ကဲ... ဆက်ပါဦးခင်ဗျ။
ဦး - ဟုတ်ကဲ့၊ ကိုမိုးကောင်း။ ဒီထဲမှာ အားလုံးပဲ H.G.Wells ရဲ့ Time Machine ဆိုတဲ့ ဝတ္ထုကို ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု မင်းတို့မြင်နေရတဲ့စက်လုံးကြီးကတော့ အဲဒီ့ဝတ္ထုထဲက စိတ်ကူးယဉ် ယာဉ်ပျံကြီးပါပဲကွာ။
စု - ရှင်... ဒါဆို... ဒါဆို... ဒီ ယန္တရားဟာ...
ထင် - ဦးလေးဆိုလိုတာက ဒါကြီးဟာ ကာလယန္တရားကြီးပေါ့၊ ဟုတ်လား ဦးလေး။
သော် - (ထိုင်နေရာမှ ရုတ်တရက်ထ၍ စက်လုံးနားသို့ တိုးကြည့်ရင်း ပြောစေ) အင်း တမျိုးတော့ မထင်နဲ့ခင်ဗျ။ ဦးလေးရဲ့စက်လုံးက ကျွန်တော်ကြည့်ဖူးတဲ့ Time Machine ရုပ်ရှင်ထဲက အတိုင်းပါပဲလားဗျ။
ဦး - မှန်ပါတယ်။ မောင်သော်ကောင်း။ မင်းလဲ ကြားဖူးနားဝရှိမှာပေါ့။ ခုခေတ် ရဟတ်ယာဉ်တွေဟာ လွန်ခဲ့တဲ့အနှစ် ၅၀၀ကျော်က လီယိုနာဒိုဆွဲခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ခုခေတ် နူကလီးယားရေငုတ်သဘောင်္တွေရဲ့ ပုံစံဟာ 20,000 Leagues Under the Sea ထဲမှာ Jules Verne စိတ်ကူးယဉ်ခဲ့တဲ့အတိုင်းဖြစ်နေတယ်။ ဦးဆိုလိုတာက ဦးတို့သိပ္ပံပညာဆိုတာဟာ တချိန်က စိတ်ကူးယဉ်ထားခဲ့ကြတာတွေကို လက်တွေ့ဖြစ်အောင် လုပ်ကြတဲ့ ပညာရပ်ပါ။
မိုး - ဒါနဲ့ ဒီပစ္စည်းကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်သလဲဗျ။ အလုပ်ကော ဖြစ်ရဲ့လား။
ဦး - သဘောတရားပိုင်းတွေ၊ ဖွဲ့စည်းပုံတွေကို အချိန်မရလို့ မပြောပြပါရစေနဲ့တော့ကွယ်။ ဦး စကားကို ဆက်ပါရစေ။ ဦးဟာ ပထမဆုံး သက်မဲ့မိုးပျံပူဖောင်းလေးတစ်လုံးကို ဒီစက်လုံးထဲထည့်ပြီး စမ်းသပ်ခဲ့ပါတယ်။ ပူဖောင်းကို ကာလအပိုင်းအခြားအလိုက် တိကျတဲ့ပမာဏ လေလျှော့လာအောင် စီမံပြီး အတိတ်ကာလ ၁၉၄၀ကို ပို့လွှတ်ခဲ့ပါတယ်။ စက်လုံးကို လိုအပ်တဲ့ အချိန်ကိုရောက်အောင် မောင်းနှင်လိုက်ချိန်မှာတော့ ဒီပူဖောင်းဟာ စက်လုံးထဲက ပျောက်သွားပါတယ်။ သဘောကတော့ သူဟာ တို့တတွေ မမြင်နိုင်တဲ့ ကာလအပိုင်းအခြားကို ရောက်သွားခဲ့တယ်ဆိုတာပါပဲ။ ဒီလိုနဲ့ နှစ်မိနစ်လောက်အကြာမှာတော့ ဒီပူဖောင်းဟာ အလိုအလျှောက်ပြန်ပေါ်လာပါတယ်။ သူ့မှာ အနှစ် ၇၀စာ လေလျှော့နေတာကို တွေ့ရတယ်လေ။ အဲဒီပူဖောင်းကတော့ ဒီမှာပါ။
(မိုးပျံပူဖောင်းတစ်လုံးကို စားပွဲပေါ်သို့တင်ပြစေ)
နောက် ဒုတိယအကြိမ်မှာတော့ ဦးဟာ သက်ရှိနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူ့သက်တမ်းလောက်နီးပါး အသက်ရှင်နိုင်တဲ့ လိပ်တစ်ကောင်ကို အစာရေစာ ဖြည့်တင်းထားတဲ့ ကန်ထဲမှာ ထည့်သွင်း လွှတ်ခဲ့ပါတယ်။ ဒီအကြိမ်မှာတော့ လိပ်ဟာ အသက်မဲ့ပြီး ပြန်ပေါ်လာပါတယ်။ ဒီလိုနဲ့ ဦးလည်း ဒီလိပ် အတိတ်ကာလမှာ ဘယ်လောက် အသက်ရှင်ခဲ့သလဲ၊ ဘယ်အချိန်မှာ သေဆုံးသွားလဲဆိုတာကို သိဖို့Carbon Decaying နည်းနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဦးမှာ အဲဒီစမ်းသပ်မှုအတွက် ပစ္စည်းကိရိယာမရှိဘူးလေ။ ဒီတော့ အစိုးရပိုင်ဓာတ်ခွဲခန်းတစ်ခုက ဦးမိတ်ဆွေဆီ ပို့ပြီးစမ်းသပ်ခိုင်းရတော့တာပေါ့။
(ဦးဖိုးမောင် အရက်မူးမူးနှင့် ခပ်ယိုင်ယိုင် ဝင်လာစေ)
ဖိုး - ဆရာလေးတို့၊ ကျွန်တော် မဆိုသလောက် နောက်ကျသွားသဗျို့။ ဒါတောင် အုံနာဆီ သွားအပ်ရင် နောက်ကျနေမှာစိုးလို့ ဂိတ်မှာ ဆိုက်ကားထားခဲ့ပြီး လာခဲ့ရတာ။ ခွင့်လွှတ်တယ်မဟုတ်လားဗျာ။
ထင် - (ဦးဖိုးမောင်ကို နှာခေါင်းရှူံ့လိုက်ရင်း ခပ်ကျယ်ကျယ်ပြောစေ) ဦးလေး ဘာသဘောနဲ့ ဒီအရက်သမားဆိုက်ကားဆရာကို ခေါ်တာပါလိမ့်။ ဧကန္တ ဆိုက်ကားဆရာကို Time Machine မောင်းခိုင်းမလို့နဲ့ တူတယ်။
ဦး - လင်းထင်... ဧည့်သည်ကို မရိုင်းရဘူးလေ။ ကဲ ထိုင်ပါဦး ကိုဖိုးမောင်၊ ကျွန်တော် ခင်ဗျားနားရည်လည်အောင် ပြန်ပြောပြရရင် ဟောဟိုကစက်လုံးကြီးဟာ အတိတ်နဲ့ အနာဂတ်ကို လိုသလိုလည်ပတ်သွားလာနိုင်မယ့် စက်ယန္တရားကြီးပဲဗျ။
ဖိုး - ဗျာ... (စိတ်ရှုပ်ထွေးသွားပုံဖြင့် မျက်နှာကို ပုဆိုးခါးပေါင်းစနှင့် ပွတ်စေ)
မိုး - ဆက်ပါဦး ဦးသော်ကောင်း။
ဦး - ဓာတ်ခွဲခန်းအဖြေထွက်လာတော့ လိပ်ဟာ အသက်နောက်ထပ် ၃နှစ်ကျော် အသက်ရှင်ခဲ့ပြီး အစာရေစာကုန်ခမ်းမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဓိပ္ပာယ်က ဦးရဲ့ဒီစက်လုံးဟာ သက်ရှိတွေကို အသက်နဲ့ကိုယ်တွဲရက် အချိန်ကာလဘယ်နေရာကိုမဆိုပို့နိုင်တယ် ဆိုတာပါပဲ။
သော် - ဂုဏ်ယူပါတယ် အန်ကယ်။ ဒီစက်ကြီးကိုသာ ကမ္ဘာကိုချပြလိုက်ရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက်အစွမ်းရှိတယ်ဆိုတာ အနောက်ကကောင်တွေ သိကြမှာပဲ။ ဒါနဲ့ အန်ကယ် အာဏာပိုင်နဲ့ အဖွဲ့အစည်းတွေကို ဖွင့်ပြောလိုက်ပြီလား။ ကျွန်တော်တို့ကို ခုလို ညကြီးမိုးချုပ် ခေါ်တိုင်ပင်တာကော ဘာအဓိပ္ပာယ်လဲခင်ဗျ။
စု - ဟုတ်တယ် ဦး။ ဒီစက်ကြီးကိုသာ သေသေချာချာလည်ပတ်အသုံးပြုမယ်ဆို အတိတ်ကာလတုန်းက ဖြစ်ရပ်ဆိုးတွေ၊ ကပ်ရောဂါတွေ၊ စစ်ကြီးတွေကို မဖြစ်ခဲ့အောင်တားနိုင်တော့မှာပေါ့နော်။
ဦး - (ခေါင်းကိုလေးပင်စွာခါလိုက်ရင်း ထိုင်ခုံပေါ်သို့ ထိုင်ချစေ) ဦးလေးလည်း ဒီလိုပဲ ရည်ရွယ်ပြီး တီထွင်ခဲ့တာပါ သမီးရယ်။ ဒါပေမယ့်...
မိုး - ဒါပေမယ့် ဘာဖြစ်လဲဦး။
ဦး - မောင်မိုးဝေ၊ ဦးမေးပါရစေ၊ ကျန်တဲ့လူတွေလည်း ဒီမေးခွန်းကို ဖြေကြပါ။ မင်းတို့ကို ဒီစက်ကြီးပေးပြီး မောင်းခိုင်းလိုက်ရင် ဘယ်ကာလကိုသွားပြီး ဘာလုပ်ကြမလဲ။
(ခဏမျှ တိတ်ဆိတ်စေ။ တီးဝိုင်းမှ XXXXX နောက်ခံတိုးတိုးတီးရန်)
စု - သမီးကတော့ ပြီးခဲ့တဲ့ နာဂစ်မတိုင်မှီကို ပြန်သွားပြီး လူတွေကို မုန်တိုင်းသတိပေးချင်တယ်။
ထင် - ကျွန်တော်ကတော့ လွန်ခဲ့တဲ့အနှစ် ၃၀လောက်ကို ပြန်သွားပြီး RIT ကျောင်းကြီး တက်ကြည့်ချင်စမ်းတယ်။
သော် - ကာလအတိအကျကိုသာ တွက်ချက်နိုင်ရင် ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော် ဘုရားပွင့်ခဲ့တဲ့အချိန်ကို ပြန်သွားပြီး တရားနာချင်တယ်ဗျာ။
ဖိုး - (ခပ်ဆွေးဆွေးဖြင့်) လွန်ခဲ့တဲ့ ၃နှစ်က မိုးဥတုမှာ ကျွန်တော့်မိန်းမ ကားမှောက်လို့ဆုံးတယ်။ ကျွန်တော်... (စကား မဆက်နိုင်ပဲ တွေနေစေ)
ဦး - ကဲ ဟုတ်ပြီ။ ဘယ်နှယ့်လဲ မောင်မိုးဝေ၊ မင်းကရော ဘာလုပ်မလဲ။
မိုး - လက်ထဲကို လိုတရလက်စွပ်ရလာသလိုပေါ့ဦးရယ်။ လိုချင်တာတွေ၊ လုပ်ချင်တာတွေ များလွန်းတော့ ဘာစလုပ်လို့ ဘာစစိတ်ကူးယဉ်ရမှန်းတောင် မသိတော့ဘူး။
ဦး - အားလုံးပဲ ရိုးရိုးသားသားဖြေကြတာ ကျေးဇူးပါကွာ။ တကယ်တော့ ဒီစက်ကြီးဟာ သုံးတက်ရင် အကျိုးရှိသလောက် လွှဲမှားစွာသုံးခဲ့မယ်ဆိုရင် ကမ္ဘာကြီး ပျက်စီးသွားနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးပါတယ်။်
ထင် - ဦးလေး၊ ဘာကို ဆိုလိုတာလဲ။
ဦး - လင်းထင်၊ မင်းတွေးမိရဲ့လား။ မင်းတို့ ငါတို့ဟာ အတိတ်ကာလက ဒဏ်ရာတွေ အမာရွက်တွေကို ကုစားဖို့၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ဒီနေ့တွေကို ဖန်တီးဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြတယ်။ လူတိုင်းမှာ ကွဲပြားတဲ့အမှန်တရားကိုယ်စီ ရှိကြတယ်။ သူတို့ကို ဒီစက်ပေးလိုက်ရင် သူတို့ရဲ့ ကိုယ်ပိုင်အတ္တ၊ ကိုယ်ပိုင်အမှန်တရားတွေအတွက် သုံးကြမှာ အသေအချာပဲ။ ဒီလိုပဲ အဖွဲ့အစည်းတွေ၊ အချုပ်အခြာပိုင် လူတန်းစားတွေ အနေနဲ့လည်း ဒီယန္တရားကြီးကို သူတို့ အကျိုးစီးပွားအတွက် သုံးကြမှာအသေအချာပဲ။ ဥပမာပေးရရင် ဒီစက်ကြီး ဘာသာရေးအစွန်းရောက်တွေ လက်ထဲရောက်သွားရင် ဘာတွေ ဖြစ်ကုန်မလဲ။ ငါတို့သမိုင်းမှာ ကြောက်စရာကောင်းလောက်အောင် ဘာသာရေးအဓိကရုန်းတွေ ပြန်ဖြစ်လာမှာပေါ့။ ဒီလိုပဲ စိတ်ဓာတ်ပျက်ပြားနေတဲ့ အာဏာရှင်တွေ လက်ထဲထည့်ပေးလိုက်ရင်ရော။ ငါတို့ရဲ့သမိုင်းစာမျက်နှာတွေဟာ မှတ်မိနိုင်စရာမရှိအောင် ဖျက်ဆီးပြုပြင်ခံရတော့မှာပေါ့။
သော် - မှန်တယ် အန်ကယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားလည်းရှိတယ် မဟုတ်လား။ သေချာတာက ဘယ်လောက် သမာသမတ်ရှိပါတယ်ဆိုတဲ့လူဖြစ်ဖြစ် သူခံယူတဲ့ အမှန်တရားတစ်ခုအတွက် ဒီစက်ကြီးကို သုံးကြမှာပဲ။ အဲဒီလိုအတိတ်ကို လိုသလိုပြောင်းလဲကြတော့မယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်နေထိုင်နေတဲ့ ဘဝတွေဟာလည်း Butterfly Effect ဆိုတဲ့သီအိုရီအတိုင်း အကြီးအကျယ်ပြောင်းလဲ ရိုက်ခတ်မှုတွေ ကြုံရမှာ အသေအချာပဲ။
မိုး - ကျွန်တော်လည်း ကိုသော်တာ ပြောသလိုတွေးမိတယ်ခင်ဗျ။ ခုလိုအချိန်ကာလကို ကစားနိုင်တဲ့စက်သာ ကမ္ဘာကို ချပြလိုက်ရင် ကောင်းတဲ့ဘက်မှာ သုံးတာမသုံးတာ နောက်ထား၊ ပထမဆုံး ဒီစက်ကို လုဖို့ ကမ္ဘာစစ်တွေတောင် ပြန်ဖြစ်လာနိုင်တယ် ထင်ရဲ့ဗျာ။
ဖိုး - ကျွန်တော်ကတော့ ဆရာလေးတို့လောက် မတွေးတက်ပေမယ့် ဒီစက်လုံးကြီးရဲ့စွမ်းအားကို ခုနားထောင်ရတာနဲ့တင် လန့်လာပြီခင်ဗျ။
ထင် - ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဦးလေး ဘာဆက်လုပ်ဖို့တွေးထားလဲ။ ဒီစက်ကြီးကို ဖျက်ပြစ်လိုက်မှာလား။ ဒါဆိုလည်း နှမျောစရာ၊ ဆက်သုံးဖို့ဆိုတာလည်း အကျိုးဆက်က သိပ်ကြီးနေတယ်။
ဦး - (ထိုင်ရာမှ ထ၍ စက်လုံးကြီးပေါ်မှ အဝတ်စကို ဖယ်စေ) ဒီစက်ကြီးကို စတီထွင်စဉ်က ဦးမှာ လူသားတွေအတွက် အလွန်အထောက်အကူပြုမယ့် ပစ္စည်းတစ်ခုအနေနဲ့ မြင်ခဲ့တယ်။ မြင်ခဲ့လို့လည်း အချိန်အား၊ လူအားစိုက်ထုတ်ပြီး နေ့မနား ညမနား ကြိုးစားခဲ့မိတယ်။ ခုလို အောင်မြင်ခါမှ ဒီလိုဖြစ်လာနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
စု - Alfred Noble ဟာ ဒိုင်းနမိုက်ကို တီထွင်စဉ်ကလည်း ဦးလိုပဲ လူတွေအတွက် တိုးတက်ရာတိုးတက်ကြောင်း အထောက်အကူပြုမယ်ထင်လို့ မိသားစုဆုံးရှူံးတဲ့အထိ ရင်းနှီးတီထွင်ခဲ့တာပါပဲ။ ပြီးတော့မှ သူ့ရဲ့အောင်မြင်မှုကို တလွဲသုံးနေကြတာတွေ့တော့ သူလဲ အကြီးအကျယ်နောင်တရခဲ့တယ်လို့ မှတ်သားဖူးပါတယ်ဦး။
ဦး - ဟုတ်တယ် မိစု။ ခု ဦးလည်း ဒီစက်ကြီးကို နောက်ဆုံးအကြိမ်သုံးပြီး ဖျက်ဆီးပစ်တော့မယ်လို့ စဉ်းစားထားတယ်။ ဒါကြောင့်လည်း မင်းတို့တွေကို ခေါ်ပြီး တိုင်ပင်ရတာပေါ့။ နောက်ပြီး ဦးတို့အတွက် အချိန်ကလည်း သိပ်မရှိတော့ဘူးလေ။
( ကဲ... ကာလယန္တရားကို သူတို့ ဘာရည်ရွယ်ချက်အတွက် သုံးကြမလဲ? ဘယ်သူတွေ အတိတ်ကာလကို ခရီးနှင်ကြမလဲ?? ဦးသော်ကောင်း ကြောက်လန့်နေတဲ့ အကြောင်းခံကရော ဘာလဲ???
တပိုင်းတဆက်တည်းရေးရင် ဖတ်တဲ့လူတွေ အီကုန်မှာစိုးလို့ နှစ်ပိုင်းလောက်တော့ ခွဲခွင့်ပေးပါခင်ညာ)
ဖိုးသင်္ကြန်
P.S (မိမိ ဦးနှောက်နှင့် မိမိရေးကြောင်း မြေကြီးကို သက်သေပြုပါသည်။)
Subscribe
7 comments:
ကျနော်တောင် သူတို့ဝိုင်းထဲ ရောက်သွားတယ်။ ဦးသော်ကောင်းမေးလိုက်တော့ ကျနော်တောင် ကြောင်သွားတယ်။ ကျနော်ရော ဘယ်သွားမလဲ.. ဘာလုပ်မလဲ... ဆိုလိုရင်း မသိသေးလို့ နှစ်ပိုင်းလောက်တော့ ခွဲခွင့်ပြုပါဗျာ
ဖျက်လိုက်တာ ကောင်းပါတယ်....သွားချင်တဲ့ နေရာတွေ များနေတယ်..
သဘောဟာ .. နင်ကစာရေးသူဆိုတော့ စိတ်ကြိုက် လုပ်ပေါ့ ..း)
ဖန်သကြိုးရေ
တင်ပြထားပုံ၊ ပြောဆို ဆွေးနွေးထာပုံတွေက သိပ်ကောင်းလွန်းလို့ ရုံးရောက်ရောက်ချင်းမှာ အလုပ် ဆက်မလုပ်နိုင် ထိုင်ဖတ်မိပါတယ်။
“မင်းတို့ ငါတို့ဟာ အတိတ်ကာလက ဒဏ်ရာတွေ အမာရွတ်တွေကို ကုစားဖို့၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ဒီနေ့တွေကို ဖန်တီးဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြတယ်။ လူတိုင်းမှာ ကွဲပြားတဲ့ အမှန်တရား ကိုယ်စီ ရှိကြတယ်။”
ဦးသော်ကောင်း ကြောက်လန့်နေတဲ့ အရာ ဘာလဲတော့ အကို သေချာ မရိပ်မိပေမဲ့ “ကာလ ယန္တရား” ကြီးက အတိတ်ကိုရော အနာဂါတ်ကိုရော သွားလို့ ရမယ် ယူဆပါတယ်။
အတိတ်ကို သွား ပြုပြင်နိုင်လို့ ရသလို အနာဂါတ်ကို ပြောင်းလဲအောင်လဲ လုပ်ဆောင်နိုင်မှာပဲပေါ့ နော်။
“အချိန်ကလည်း သိပ်မရှိတော့ဘူးလေ။”
ဒီတော့ အချိန်တွေလဲ သိပ်မဆွဲနဲ့ပေါ့ ပြဇာတ်ဆရာ။
ဆိုက်ကားဆရာ ကျွန်တော် ဖိုးမောင် ရေချိန်မကိုက်သေးလို့ မြန်မြန်လေးဗျို့။ “ကာလယန္တရား” ကြီး စီးပီး အသက်ရှင် ပြန်လာနိုင်ရင် ရေချိန် ပြန်ဆက်တင်ရ အုံးမှာ။ ဂေ့ အေ့ အေ့။
ချစ်ခင်လေးစားစွာဖြင့်
အတွေးကောင်းကောင်းနဲ့ ရေးထားတာပဲ ဖတ်လို့ကောင်းတယ် နောက်ပိုင်းလေး ဆက်ပါဦး
တစ်ချို့ အတိတ်တွေကို ပြုပြင်ပြီး...အနာဂတ်ကို ပိုကောင်းအောင် လုပ်လို့ ရရင်ကောင်းမယ်....။
နောက်တစ်ပိုင်းဖတ်ရန် ထပ်မျှော်နေပါတယ် ကိုဖိုးသင်္ကြန်။
ထင် - ကျွန်တော်ကတော့ လွန်ခဲ့တဲ့အနှစ် ၃၀လောက်ကို ပြန်သွားပြီး RIT ကျောင်းကြီး တက်ကြည့်ချင်စမ်းတယ်။
စာရေးသူရဲ့ ဆန္ဒလား :)
Post a Comment