ရာဇဝင်သစ် (၂)





မိုး - အချိန်မရှိတော့ဘူးဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျာ။ ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး။

ဦး - ဒီလိုပါ ကိုမိုးဝေ။ စောစောက ဦးစမ်းသပ်မှုအတွက် အစိုးရဓာတ်ခွဲခန်းမှ ဦးသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်ဆိုတာ ပြောခဲ့တယ်နော်။ မနက်က ဦး သူ့ဆီဖုန်းဆက်တဲ့အခါ သူမရှိတော့ဘူး။ သူ့ဇနီးက ဖုန်းလာကိုင်ပြီး ဖြစ်နေတာတွေကို ဦးကို ပြောပြတယ်။ အကြောင်းက ဦးရဲ့ လိပ်ကို သူဓာတ်ခွဲခန်းယူပြီး စမ်းသပ်တဲ့အခါ အာဏာပိုင်တွေက သတိထားမိသွားတယ်တဲ့လေ။ နောက်ပြီး ရေဒီယိုသတ္ထုကြွနေတဲ့ ဒီလိပ်ရဲ့ မူလဇစ်မြစ်ကိုလည်း သူတို့တွေ သိချင်ကြသတဲ့။ ဒါကြောင့် ဦးသူငယ်ချင်းကို မေးမြန်းဖို့ ခဏခေါ်သွားသတဲ့လေ။ မင်းတို့လည်း ခဏထိမ်းသိမ်းတယ်တို့၊ စစ်ဆေးမေးမြန်းတယ်တို့ရဲ့ အဓိပ္ပာယ်ပမာဏကို သိနားလည်ကြမှာပေါ့။

စု - ဒါဆို အာဏာပိုင်တွေဘက်က ဒီစက်အကြောင်းကို သိကုန်ကြပြီပေါ့၊ ဟုတ်လား ဦး။

ဦး - ခုအချိန်အထိ သူတို့တွေ မလာသေးပုံထောက်ရင်တော့ ဦးသူငယ်ချင်း နှုတ်ပိတ်နေတယ်ဆိုတာ ပြတာပဲ။ ဒါပေမယ့် သူလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဖွဲ့စည်းထားတဲ့ လူတစ်ယောက်ပဲ။ အချိန်တန်လို့ မခံနိုင်တော့တဲ့ တချိန် ဖွင့်ပြောမှာပဲ။ အဲဒီအချိန်ကျရင်တော့ ဦးတို့လည်း ဘာမှ မတက်နိုင်ဘူး။ အသာတကြည် ပေးလိုက်ယုံပေါ့။

မိုး - ခု ကျွန်တော် ဦးရဲ့ ဆိုလိုရင်းကို နားလည်သလောက်ဖြစ်သွားပြီ။ ဦးသဘောက အာဏာပိုင်တွေ လက်ထဲ ဒီစက်မရောက်ခင် အကျိုးရှိမယ့်ကိစ္စတစ်ခုကို လုပ်ချင်နေတယ်၊ ဒါကြောင့် လုပ်နိုင်မယ်၊ လုပ်ကြမယ်လို့ ယူဆတဲ့ ကျွန်တော်တို့ကို ခေါ်ပြီး တိုင်ပင်တယ်၊ ကျွန်တော် ပြောတာဟုတ်လားဦး...။

ဦး - မှန်ပါတယ်၊ ကိုမိုးဝေ။ ခု ဦးဆန္ဒကို ပြောပါရစေ။ ဦးဒီယန္တရားကြီးကို ၁၉၄၇နှစ် ၇လပိုင်း ၁၈ရက်နေ့ရောက်အောင် မောင်းနှင်ချင်ပါတယ်။

သော် - နေပါဦး အန်ကယ်။ ၇လပိုင်းဆိုတော့ ဇူလိုင်...၊ ဒါ... ဒါဆို အန်ကယ်ဆိုလိုတာက.....

ဖိုး - ၁၉ ဇူလိုင်...!! ကျွန်တော်တို့ဗိုလ်ချုပ် ကျဆုံးတဲ့နေ့၊ အာဇာနည်နေ့။

(ခဏမျှ အားလုံး တိတ်ဆိတ်စေ)
(စိတ်လှုပ်ရှားနေသော အမူအရာများ ပြစေ၊ တီးဝိုင်းမှ ဘာမှ မတီးပဲ ဇာတ်ကောင်များမှ အသံများကိုပါဖျောက်ထားရန်)

ထင် - ကျွန်တော်... ကျွန်တော် မစဉ်းစားမိခဲ့ဘူး။

ဦး - မင်း အပြစ် မဟုတ်ပါဘူး လင်းထင်။ ဦးလေးကိုယ်တိုင်လည်း အရင်က မတွေးမိခဲ့ပါဘူး။ ဒီစက်ကြီး စလည်ပတ်ချိန်ကစပြီး ဦးလေး မင်းတို့လိုပဲ မျှော်လင့်ချက် အိပ်မက်တွေ အများကြီး မက်ခဲ့တယ်။ ဦးလေးတို့ လူ့သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အတိတ်ဆိုးတွေ၊ အရိပ်မဲတွေ ရေတွက်လို့မရနိုင်လောက်အောင် ရှိခဲ့ပြီ။ ဒါပေမယ့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလတွေအထိ ရိုက်ခတ်နေဆဲ အဖြစ်အပျက်ဆိုးတွေကတော့ လက်ချိုးရေလို့ရကောင်းပါရဲ့။
ဟီရိုရှီးမားကို နူကလီးယားဗုံးကြဲခဲ့ကြတယ်။ သေတဲ့လူတွေ သောက်သောက်လဲသေကြတယ်။ အဲလိုဖြစ်ခဲ့လို့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ သေမသွားခဲ့ဘူး။ မင်းတို့သိတဲ့အတိုင်း စစ်ပြီးကတည်းက အဘက်ဘက်က တိုးတက်လာလိုက်တာ ခုဆို ကမ္ဘာ့ထိပ်သီးနိုင်ငံတစ်ခု ပြန်ဖြစ်နေခဲ့ပြီ။ ဟစ်တလာဟာ ဂျူးတွေကို သန်းနဲ့ချီသတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ နှစ်ပေါင်းထောင်နဲ့ချီ စွန့်ခွာခဲ့ရတဲ့ ရှေးဟောင်းဘုရားသခင်နိုင်ငံတော်ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီ။ မဂိုဘုရင်တွေဟာ အိန္ဒိယမှာ သာသနာတော်ပျောက်ကွယ်မတက် ဖျက်စီးစော်ကားခဲ့ကြတယ်။ ဒါပေမယ့် ထေရဝါဒဗုဒ္ဓဘာသာဟာ ခုခေတ်မှာ ဂုဏ်ရောင်ပြန်လည်တောက်ပလာခဲ့ပြီ။
မင်းတို့ သိကြလား။ ငါတို့ မြန်မာပြည်မှာတော့ လူကိုးယောက်အသတ်ခံရမှုဟာ အနှစ်၆၀ကျော်တဲ့အထိ လွှမ်းမိုးနေဆဲပဲ။ ဖြေသာလောက်စရာ၊ ချိန်ထိုးချွေးသိပ်လောက်စရာ ဘာရလဒ်၊ ဘာဖြစ်ရပ်မှ ရှိမလာခဲ့ဘူး။

မိုး - မှန်ပါတယ် ဦး။ နှစ်တိုင်း အာဇာနည်နေ့ရောက်ရင် လူတွေဟာ ပြင်မရတော့တဲ့အတိတ်ဆိုးကြီးအကြောင်းကို မချိတင်ကဲပြောနေကြရတုန်းပါပဲ။ နှစ်စဉ်အာဇာနည်နေ့ အမှတ်တရပွဲတွေမှာလည်း ကျဆုံးသူတွေကို အသေဖြောင့်စေလောက်တဲ့ စကားမျိုးတွေ မပြောနိုင်ခဲ့ကြတာ အစဉ်အလာလို ဖြစ်နေခဲ့ပါပြီလေ။

ထင် - (ရုတ်တရက် မတ်တက်ထရပ်စေ) ကျွန်တော်တော့ ဦးလေးစကားကို လှိုက်လှိုက်လှဲလှဲထောက်ခံတယ်။ ကြာပါတယ်ဗျာ၊ ခုပဲ ဗိုလ်ချုပ်တို့ကို ကယ်ရအောင် စီမံကြပါစို့ဗျာ။

ဖိုး - (အံတင်းတင်းကြိတ်လျက်) ဆရာကြီး... ။ ဗိုလ်ချုပ်တို့ကိုသာ ကယ်ရမယ်ဆို ကျွန်တော် သေရင်သေသွားစမ်းပါစေဗျာ။

သော် - ကျွန်တော်လည်း ဦးဖိုးမောင် ပြောသလိုပါပဲ။

ဦး - (အားလုံး၏ စိတ်အားထက်သန်နေသော မျက်နှာများကို ဝေ့ကြည့်ရင်း ပြောစေ) ခုလို အားလုံးတစိတ်တဝမ်းတည်း ကူညီကြမယ်ဆိုတော့ ဦးသိပ်ဝမ်းသာပါတယ်ကွာ။ ကဲ အားလုံးပဲ သေချာနားထောင်ကြပါ။ အရင်ဆုံး မူရင်း အဖြစ်အပျက်ကို ပြန်ပြီးပြောပြပါ့မယ်။ သမိုင်းအထောက်အထားတွေအရ ဦးစောဟာ လက်ကိုင်တုတ် လူရမ်းကားတွေကို အင်းယားကန်စောင်းက သူ့အိမ်မှာ စခန်းသွင်းလေ့ကျင့်ပေးခဲ့တယ်။ ၁၉ရက်နေ့မနက်ပိုင်းမှာ ဗိုလ်ချုပ်တို့ အတွင်းဝင်ရုံးမှာကတ်ဘိနက်အစည်းအဝေးလုပ်ကြတယ်။ အဲဒီအချိန်မှာ ရုံးထဲမှာ အခြားရုံးသူရုံးသားတွေနဲ့ သာမာန်လုံခြုံရေးဝန်ထမ်းတွေသာရှိပြီး လက်နက်ကိုင်အစောင့်တပ်သားတစ်ယောက်မှ ရှိမနေခဲ့ဘူး။ မနက်စောစောမှာ ဦးစောရဲ့ကင်းထောက်လူယုံတွေက ရုံးထဲမှာ အစည်းအဝေးရှိတယ်ဆိုတာကို စောင့်ကြည့်အကြောင်းကြားခဲ့တယ်။ နောက်မှာတော့ ဘယ်လိုကြေကွဲစရာဖြစ်ပျက်ခဲ့တယ်ဆိုတာကို မင်းတို့လည်း သိနေပြီးသား ဖြစ်မယ်ထင်လို့ ဆက်မပြောတော့ပါဘူး။ ဦးရဲ့အကြံကတော့ တနည်းနည်းနဲ့ ဒီလုပ်ကြံမှုကို တားဆီးဖို့ပါပဲ။

မိုး - အချိန်တွေကိုတောင် နောက်ပြန်ရွှေ့နိုင်ခဲ့ပြီပဲဗျာ၊ ကျန်တာတွေကို ကျွန်တော်တို့ တာဝန်ထားလိုက်ပါ။ ဒီကိစ္စကို ဗိုလ်ချုပ်နား ပေါက်အောင် ကျွန်တော်တို့ ကြံပါ့မယ်။
(လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း) ဟား ဟား၊ ကျွန်တော်တော့ ဗိုလ်ချုပ်ကို သက်ရှိထင်ရှားတွေ့ရမှာကို မစောင့်နိုင်တော့ဘူးဗျို့။

သော် - ကျွန်တော်ရောပဲဗျ။ တွေ့ဖြစ်ခဲ့ရင်တော့ ဗိုလ်ချုပ်မရှိခဲ့ရင် မြန်မာပြည်ကြီး ဘာတွေဖြစ်ကုန်ခဲ့မယ်ဆိုတာ ပြန်ရှင်းပြရမယ်ခင်ဗျ။

စု - ကျွန်မအထင်တော့ ရှင်းပြဖို့တောင်လိုမယ်မထင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီသမိုင်းဆိုးတွေဟာ ဗိုလ်ချုပ်တို့သာ အသက်ထင်ရှားဦးဆောင်နိုင်ခဲ့ရင် ဖြစ်လာစရာအကြောင်းမရှိလို့ပဲ။

(ရုတ်တရက် တံခါးကို ထုရိုက်ခေါက်သံများ ကြားရစေ၊ ဇာတ်စင်တဖက်မှ လက်နှိပ်ဓာတ်မီးရောင်များထွက်လာစေ)

ဖိုး - ဟာ သူတို့လာကြပြီ။ ဘယ်နှယ့်လုပ်ကြမလဲ ဆရာကြီး။ ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ။

ဦး - အင်း ကျွန်တော်မှန်းထားသလိုဖြစ်လာပါပေါ့လား။ ကဲ... အားလုံးပဲ ရာဇဝင်သစ်ကို ရေးခြစ်ရအောင် ယန္တရားပေါ် မြန်မြန်တက်ကြပါ။

(စက်ခလုတ်များကို နှိပ်စေ၊ စက်လုံးပေါ်သို့ စလိုက်မီးများကစားပေးရန်၊ တီးဝိုင်းမှ စက်ကိရိယာတစ်ခုမောင်းနှင်သံ တီးခတ်ရန်)

ထင် - ဟင် ဦးလေး မလိုက်ဘူးလား။ ဟာ... ဦးလေးနေခဲ့လို့ ဘယ်ဖြစ်မလဲ။ သူတို့က ဦးလေးအကြောင်းကို သိနေပြီ၊ ဘယ်လိုမှ အလွတ်ပေးမှာ မဟုတ်တော့ဘူး။

စု - ဟုတ်တယ် အန်ကယ်။ လိုက်ခဲ့ပါ။

ဦး - လိုက်လို့မဖြစ်ဘူးကွယ့်။ ဒီယန္တရားက အပြင်ထိန်းချုပ်မောင်းနှင်ရတာ။ ဦး လိုက်လာရင် ဘယ်သူမောင်းပေးမှာလဲ။

(ထုရိုက်သံများ ပိုကျယ်လာစေ)

ဖိုး - (ဦးသော်ကောင်း၏ လက်ကိုဆွဲ၍ ပြောစေ) ဆရာကြီး၊ လိုက်သွားလိုက်ပါ။ ဆရာကြီးလို အသိတရားရှိတဲ့ ပညာရှင်မျိုး ကျွန်တော်တို့အတိတ်ကာလမှာ များများကြီးလိုအပ်ပါတယ်။ ကျွန်တော့်ကို ယုံတယ်ဆိုရင် ဒီမှာ ကျန်ရစ်ခဲ့မယ့်ကိစ္စတွေကို ကျွန်တော် တာဝန်ယူပါရစေ။ ဘယ်ခလုတ်၊ ဘယ်ဟာနှိပ်ရမယ်ဆိုတာသာ ပြခဲ့ပါ။

သော် - ဘယ်နှယ့်လဲ ဆိုက်ကားဆရာ၊ ခင်ဗျား ဗိုလ်ချုပ်နဲ့ မတွေ့ချင်တော့ဘူးလား။ နောက်ပြီး ဒီမှာနေခဲ့လို့ ခုအပြင်မှာ ဝိုင်းထားတဲ့လူတွေ တွေ့သွားရင် ကောင်းကောင်းမွန်မွန် အသက်ရှင်ရဖို့ မသေချာတော့ဘူးနော့်။

ဖိုး - ဒါတွေ ပြောမနေပါနဲ့။ ဆရာကြီး ကျွန်တော့ကို ခလုတ်တွေသာ ပြပါ။

ဦး - ကိုဖိုးမောင် သဘောပါပဲဗျာ။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ကျွန်တော် အားလုံး ချိန်ကိုက်ထားပြီးသားပါ။ အားလုံး စက်လုံးထဲရောက်ပြီဆိုတာနဲ့ ဟိုမောင်းတန်ကို ဆွဲချလိုက်ပါ။ ပြီးရင် ဒီ ကာလပြဒိုင်ခွက်ထဲက ဂဏန်း သုညရောက်သွားပြီဆိုတာနဲ့ မောင်းတန်ကို ပြန်တင်ယုံပါပဲ။
ဒါနဲ့ အရေးတကြီးမှာလိုတာက အကုန်ပြီးပြီဆိုတာနဲ့ စက်ခလုတ်ခုံရဲ့ ဘယ်ဘက်အောက်ထောင့်က ခလုတ်နီလေးကို နှိပ်လိုက်ပါ။ ဒီစက်လုံးကြီးကို ၁မိနစ်အတွင်း အလိုအလျောက် ဖောက်ခွဲဖျက်ဆီးပြစ်ပါလိမ့်မယ်။

(ထုရိုက်သံများ ရပ်သွားပြီး ဖိနပ်ခွာသံများ ကြားရစေ)

မိုး - ဦးသော်ကောင်း၊ သူတို့ သိပ်နီးလာပြီ။ စက်လုံးပေါ် မြန်မြန်တက်ပါ။

ထင် - ဦးဖိုးမောင်၊ ကျွန်တော်တော့ သွားပြီဗျို့။

(အားလုံး စက်လုံး နောက်သို့ဝင်စေ၊ စလိုက်မီးများကို စက်လုံးပေါ်သို့ စုဆုံထိုးလိုက်ပြီး ခဏချင်း ပိတ်ပြစ်စေ)

(ဦးဖိုးမောင် မောင်းတံကို ပြန်တင်၊ ခလုတ်အနီလေးကို အေးအေးဆေးဆေးနှိပ်လိုက်စေ)
(ဖိနပ်ခွာသံများ နီးနီးလာပြီး လူသံများပါ ကြားရလာစေ)

(ဆေးပေါ့လိပ်တိုကို မီးညှိရန် အိပ်ကတ်ကို နှိုတ်၍ မီးခြစ်ရှာ၊ ၁၀တန် အနွမ်းလေးတစ်ရွက်ထွက်လာစေ)

ဖိုး - (ငွေစက္ကူပေါ်မှ ဗိုလ်ချုပ်ပုံတူကို ကြည့်၍ အော်စေ) ဗိုလ်ချုပ် သက်တော် ရာကျော်ရှည်ပါစေ.....


(ပေါက်ကွဲသံကြီးတစ်ခု ပြုလုပ်၊ စလိုက်မီးများ အားလုံးမှိတ်)
(တီးဝိုင်းမှ နိုင်ငံတော်သီချင်းတီးရန်)

ကားလိပ်ချ





ဖိုးသင်္ကြန်

10 comments:

khin oo may said...

စာလုံးတွေသေးလို့ အကျယ်ချဲ့ဖတ်ရတယ်။
ပထမပိုင်း။
ရွေဥဒေါင်း. .။ ဆားပုလင်းနင်းမောင်နဲ့ဆင်နေတယ်။ အစပိုင်းမှာ။
ကိုယ်ပိုင်ရေးတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ စာရေးသူတွေ ဟာ ကိုယ်နစ်သက်တဲ့စာရေးဆရာတွေရဲ့လွမ်းမိုးမှူကို ခံရတယ်ဆိုတာကတော့မငြ်းနိုင်တဲ့အချက်ပါဘဲ။

ဒုတိယပိုင်း
ဇတ်သိမ်းသွားပုံကို လိုက်မမှီဖြစ်သွားတာဝန်ခံပါတယ်။ ညံ့တယ်လို့ပြောလဲခံရရုံပါဘဲ။

ဖိုးသင်္ကြန် said...

ကျေးဇူး အမကွမ်ရေ...
ဇာတ်သိမ်းတာကတော့ ကျွန်တော်လိုချင်တဲ့ပုံစံဖြစ်မသွားပဲ အလျင်စလို နိုင်သွားတာ ကျွန်တော့်ရဲ့အားနည်းချက်ပါခင်ဗျာ...
ဆက်ကြိုးစားပါဦးမယ်။

မိုးခါး said...

ဘာပဲဖြစ်ဖြစ် ခုစာထဲကလို ဖြစ်နိုင်ရင် သိပ်ကောင်းမှာပဲ
ဗိုလ်ချုပ်ကို အရမ်းနှမြောတယ် ...း(

မေဇင် said...

အင်း...တကယ်ဖြစ်နိုင်ရင် သိပ်ကောင်းမှာပါပဲ...။

Mogok Thar said...

သွားတဲ့ ခရီးက ကိုယ် မျှော်လင့်ထားတဲ့ ခရီး မဟုတ်ပေမဲ့ သိပ်ကို သွားသင့်တဲ့ ခရီးပါ။
ဖိုးမောင်က တွေးထားတာ ခုတလော သိပ်ကြားနေရတဲ့ အဖြစ်တစ်ခုဆီ သွားမယ်လား လို့ပေါ့။
ကိုယ့် ရွှေတွေ အကျိုးအတွက် ခုလို ကိုယ်ကျိုးစွန့်ခွင့်ရတာ သိပ်ကျေနပ်တယ်ဗျာ။ (အုံနာကို ဒီနေ့အတွက် အပ်စရာ ရှိတာတွေ မအပ်ရသေးပဲ ဒီကို တန်းလာခဲ့တာလေး နောက်ဘ၀မှ အကြေဆပ်ရလဲ ပျော်ပျော်ကြီး ဆပ်လိုက်ပါ့မယ်။)

kaungkinpyar said...

အမလဲ အဲလို သိမ်းသွားမယ် မထင်မိဘူး၊ ဒါမဲ့ တကယ် အဲ့လိုဆို သိပ်ကောင်းမှာပါပဲ..

nge said...

ဒီလို ပြဇာတ်မျိုးရေးတဲ့စိတ်ကူးရယ် ၊ ရေးတတ်တာရယ် ၊ ရေးလိုက်တဲ့ ဇာတ်ရယ်ကို အရမ်းကြိုက်မိပါတယ်..။
ပထမပိုင်းမှာ Back To The Future ထဲက Time machine ကို မျက်စိထဲမြင်လာတယ်..။
ဇာတ်သိမ်းသွားပုံလေးကို အတော်သဘောကျပါတယ်..။
စာတွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။

zarchi said...

အဲဒီလိုသာတကယ်နောက်ပြန်ဆွဲလို့ရရင်ကောင်းမယ်ဟာ.........

zarchi said...

အဲဒီလိုသာတကယ်နောက်ပြန်ဆွဲလို့ရရင်ကောင်းမယ်ဟာ.........

အိမ် said...

စိတ်ဝင်စားစရာကောင်းတယ်ဗျာ... ဒီလိုအတွေးမျိုးလေးဆိုတော့ စိတ်ထဲ ဖီးတမျိုးဖြစ်သွားတယ်၊ ကောင်းတယ် ကောင်းတယ် ဆက်ရေး၊