ဖွဲ့သီမှု၏လျှို့ဝှက်ချက်များ

ဒီလ စာမရေးဖြစ်....။ ပြောရရင် လက်ညိုးထိုးစရာ ခံစားချက်တွေက တပုံတပင်။ တကယ်တမ်းရေးမယ်ဆိုတော့ ဘာမှ ရေရေရာရာထွက်မလာ။ ထားပါလေ၊ လိုရင်းပျောက်ကုန်ပါဦးတော့မယ်။

တလောက အကိုတစ်ယောက်နဲ့ စီးတီးဟော အနောက်ဖက်အစွန်က ဘီယာဆိုင်လေးမှာထိုင်ရင်း ထွေရာလေးပါး ပြောဖြစ်တယ်။ မူးလာရင် ဖြစ်နေကြအတိုင်း ပါးစပ်နဲ့ မဆံ့တဲ့ အိပ်မက်တွေ၊ စကားလုံးတွေ၊ နယ်ပယ်တွေ ဆွေးနွေးကြတယ်ဆိုပါတော့ဗျာ။ တချိန်မှာတော့ အနုပညာ ခံစားမှုဆိုတာကို ပြောဖြစ်ကြပါတယ်။ အကိုက ဥပမာလေးတစ်ခုပေးပါတယ်။ မာမာအေးရဲ့ မေ့ကွက်ကိုရှာ သီချင်းကို သူရော ကျွန်တော်ရော ကြားဖူးနှစ်သက်ပါတယ်။ ရေးတာက စန္ဒရားချစ်ဆွေပါ။ မိန်းကလေးတစ်ယောက်ရဲ့ စွန့်ခွာသွားသူအပေါ် လွမ်းဆွတ်တမ်းတပုံလေးကို နူးညံ့စွာ ဖွဲ့ကုံးသီဆိုထားတာပါ။ အကိုက အဲဒီသီချင်းကို ပြန်ဆိုပြပါသေးတယ်။ ပြီးတော့မှ သူက ကျွန်တော့်ကို ပြောပါတယ်။ ဖိုးသင်္ကြန် မင်း ခုဘယ်လိုခံစားရသလဲတဲ့။ ကျွန်တော်လဲ ကိုယ့်ရင်ထဲရှိသလောက် အဓိပ္ပာယ်ပေးလိုက်တာပေါ့ဗျာ။ ဒီတော့မှ အကိုက ဒီသီချင်းရဲ့ မူရင်းအကြောင်းအရာကို ပြောပြပါတယ်။ တချိန်မှာ မာမာအေးရဲ့ခင်ပွန်းဟာ အထင်လွှဲမှားမှုတစ်ခုကြောင့် အိမ်ပေါ်က ဆင်းသွားခဲ့ပါသတဲ့။ အဲဒီအချိန်မှာ မာမာအေးဟာ ရင်သွေးဖွားပြီးခါစ သွေးနုသားနုနဲ့လို့ဆိုပါတယ်။ ဒါကို ဆရာစန္ဒရားချစ်ဆွေက တွေ့တော့ မာမာအေးရဲ့အဖြစ်အပျက်ကို ခံစားမိပြီး ဒီသီချင်းကို ရေးဖွဲ့သီဆိုစေတယ်လို့ ဆိုပါတယ်။

အကို ဒီလိုပြောလိုက်တော့ ကျွန်တော့်ရဲ့မှတ်သိစိတ်အဆုံးမှာ သွေးနုသားနု မာမာအေးဟာ ကလေးပုခက်လေးကို လွှဲပြီး မေ့ကွက်ကိုရှာ သီချင်းလေး ကြေကွဲစွာဆိုနေပုံကို ချက်ချင်းမြင်သွားမိပါတယ်။ နဂိုက သာမာန်အလွမ်းအဆွေးသီချင်းတစ်ပုဒ်အနေနဲ့ နားထောင်နေမိတာမျိုးမဟုတ်တော့ပါဘူး။ ကျွန်တော် ဒီသီချင်းရဲ့ရည်ရွယ်ရင်းကို သိလိုက်ရတာကိုး။ ဒီလိုပါပဲ၊ အနောက်တိုင်း ဂန္တဝင်ဂီတမှာ မသိသူမရှိလောက်တဲ့ မိုးဇက်ရဲ့ Requiem ဆိုပါတော့။ မူလက ဒီတေးသွားကို ရုပ်ရှင်နောက်ခံ သေဆုံးမှုကိုပို့ဆောင်ပေးတဲ့ (အနီးစပ်ဆုံးဆိုရင် ဧရင့်ကျူးတဲ့) တေးတစ်ပုဒ်အနေနဲ့သာ သိထားခဲ့တာပါ။ ဒါပေမယ့် Amaedus ဆိုတဲ့ မိုးဇက်ရဲ့ဘဝကို မှီးထားတဲ့ရုပ်ရှင်ကို ကြည့်လိုက်ရတော့မှ ဒီသီချင်းရဲ့လေးနက်မှု၊ အဓိပ္ပာယ်၊ ဦးတည်ချက်ကို ပါးပါးလေး သိလာရပါတော့တယ်။ ဇာတ်ကားကို ပြန်ပြောရရင် ခပ်ပေါ့ပေါ့နေတက်တဲ့မိုးဇက်ကို စိတ်ပျက်ပြီး သူ့ဖခင်ဟာ ဆုံးပါးသွားခဲ့ပါတယ်။ ဖောက်ထွက်တဲ့သူ့ဂီတကို နားမယဉ်နိုင်ကြသေးတဲ့ ဗီယင်နာမြို့ပေါ်မှာ သူဟာ အဆံသာရှိ၊ အခွံမရှိတဲ့ ဂီတသမားတစ်ယောက်သာသာ။ ဒီအချိန်မှာ သူ့ဂီတကို အလေးစားဆုံး၊ တန်ဖိုးအထားဆုံးသူက သူ့ကို တဖြည်းဖြည်းချင်း သတ်ချင်နေတဲ့ ဂီတပညာရှင်တစ်ယောက်။ နောက်ဆုံး မိန်းမနဲ့ကလေးပါ သူ့ကို စွန့်ခွာသွားချိန်မှာ သူ့မှာ ဂီတတစ်ခု၊ တေးသွားတစ်ပုဒ်သာ ကျန်ရစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးသေခါနီးအချိန်မှာ မိုးဇက်ဟာ သူ့ရဲ့ပြန်လမ်းမရှိတော့တဲ့အတိတ်ဆိုးတွေကို ဒီတေးသွားအဖြစ် သီကုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အပေါ်က ဥပမာဆောင်တဲ့ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် အနုပညာခံစားရာမှာ ခံစားမှုတွေ၊ နားလည်မှုတွေနဲ့တင် မလုံလောက်တော့တာကို တွေ့ရမှာပါ။ ပန်းချီကားတစ်ကားကို စုတ်ချက်တွေ၊ အရောင်တွေနဲ့တင် ခံစားလို့မဖြစ်နိုင်ပါဘူး။ သီချင်းတစ်ပုဒ်ကိုလဲ ကော့ဒ်တွေ၊ စာသားတွေနဲ့တင် တင်းတိမ်လို့မရနိုင်ပါဘူး။ တခါက Nirvana အော်တာနေးတစ်ဂီတအဖွဲ့ရဲ့ ခေါင်းဆောင် Kurt Cobane ပြောဖူးပါတယ်။ ကျုပ်သီချင်းကို ကြိုက်သလို ခွဲခြမ်း၊ ကျုပ် ဘာပြောချင်ခဲ့သလဲ ခင်ဗျားတို့ မသိနိုင်ဘူးတဲ့။ သူပြောတာ အစွန်းရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့စကားမှာ အမှန်တရားတွေပါပါတယ်။

အနုပညာဖန်တီးမှု ကုန်ချောတိုင်းနီးနီးမှာ မူလဖွဲ့စည်းတည်ဆောက်သူရဲ့ အတ္တဘဝ၊ အနုမာဏခံစားချက်တွေ ပါပါတယ်။ အတွေးအခေါ် စိတ်ကူးတွေပါပါတယ်၊ ယုံကြည်မှု သဒ္ဒါတရားတွေ ပါပါတယ်။ ကျွန်တော် ဒီလိုပြောလို့ ဒါတွေ မသိရင် သီချင်းနားထောင်လို့ မရတော့ဘူးလား၊ ပန်းချီကား ကြည့်မရတော့ဘူးလား... ဒီလိုမထင်စေချင်ပါ။ ခံစားလို့ရပါတယ်၊ တွေးညှိယူလို့ရပါတယ်။ ဒါပေမယ့် မူရင်းဖန်တီးသူရဲ့ရည်ရွယ်ရင်းကို မသိမမှီလိုက်လို့ ကိုယ့်အတွေးနဲ့ကိုယ်ပဲ ခံစားလိုက်တယ်ဆိုရင် ခံစားသူဖက်ရော၊ ဖန်တီးသူဖက်ကပါ ဆုံးရှုံးတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီအနုပညာပစ္စည်းရဲ့တန်ဖိုး နိမ့်ကျသွားတယ်လို့လဲ ဆိုချင်ပါတယ်။

အပေါ်ပိုဒ်မှာ အနုပညာကုန်ချောတိုင်းနီးနီးဆိုပြီး နီးနီးဆိုတာကို ထည့်ရေးထားတာ သတိထားမိမလားမသိဘူးခင်ဗျ။ အကြောင်းရှိပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် ပြီးခဲ့တဲ့စာပေဟောပြောပွဲတစ်ခုမှာ ဆရာချစ်ဦးညိုက မြန်မာပြည်ရဲ့ဒိပ်ဒိပ်ကျဲဂီတသမားနှစ်ယောက်ရဲ့ သီချင်းလက်ရာနှစ်ပုဒ်အကြောင်း ပြောသွားပါတယ်။ ပထမတစ်ယောက်က ဘိုကလေးတင့်အောင်ပါ။ သူ ဆိုရှယ်လစ်ခေတ် ဝါဒဖြန့်သီချင်းတစ်ပုဒ်နဲ့ ရွှေတံဆိပ်ရခဲ့ပါသတဲ့။ အဲဒီသီချင်းကို ခုဘယ်သူမှ မရကြတော့ပါဘူး။ အကြောင်းက သူက ဆုယူချင်ယုံသက်သက် ခံစားချက်နတ္ထိနဲ့ရေးခဲ့တာမို့ပါ။ အဲဒီပြိုင်ပွဲကို အရည်အချင်းမမှီလို့ ထွက်သွားရတဲ့ သီချင်းရေးဆရာကတော့ မြို့မငြိမ်းပါတဲ့ခင်ဗျာ။ သူ့စိတ်စီးထွက်မှုအရ ရေးသားတင်သွင်းခဲ့တဲ့ အပယ်ခံခပ်ရိုးရိုးသီချင်းလေးကတော့ ခုထိကလေးအစခွေးအဆုံး မှတ်မိလိုက်ဆိုနိုင်ဆဲပါပဲတဲ့။ အဲဒီသီချင်းကတော့ လူချွန်လူကောင်း ပါတဲ့ခင်ဗျာ။

ဆိုလိုတာကတော့ အနုပညာပစ္စည်းတိုင်းမှာ လျှို့ဝှက်ချက်မပါပါဘူး။ ဒါပေမယ့် တကယ့်ခံစားချက်နဲ့တည်ဆောက်လိုက်တဲ့အရာတွေကတော့ အလွန်လှပ၊ အဖိုးကြီးလှပါတယ်။ ဒါတွေကို သိဖို့၊ အပြည့်အဝခံစားနိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ တွေးတောဆင်ခြင်ဥာဏ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အဲဒီအရာဝတ္ထု ဒါမှမဟုတ် ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ကြွတက်ဆေးရောင်စုံဖို့ဆိုရင်တော့ လေ့လာမှုဆိုတဲ့ပညာလိုလာပါပြီ။ ဘာကြောင့် Van Gogh ပန်းချီကားတွေမှာ အဝါရောင်တွေ များနေတာလဲ... ဘာကြောင့် ရာဇဝင်များရဲ့သတို့သမီးသီချင်းမှာ အာရေဘီယံစကေး (ကုလားသံ)တီးလုံးတွေ ထည့်ထားတာလဲ.... ဘာလို့ Edgar Allen Poe ကဗျာတွေမှာ ဝမ်းနည်းမှုတွေ ပြည့်ဝင်နေရတာလဲ...

အနုပညာပစ္စည်းတစ်ခုကို ခံစားလိုက်တဲ့အခါ သိစိတ်(ပညာနှင့်ယှဉ်ပြီး) မပါခဲ့ရင် အဲဒီပစ္စည်းဟာ မျက်နှာလွှဲ၊ နားလွှဲတဲ့တခဏမှာပဲ ပျောက်ကွယ်သွားပါလိမ့်မယ်။ တကယ်ပဲ နှစ်နှစ်ကာကာ နားလည်ပြီး ခံစားလိုက်တယ်ဆိုရင်တော့ အဲဒီအရာဝထ္ထုဟာ သင်နဲ့တပါတည်းပါလာပြီး ပြန်တွေးတောလိုက်တိုင်း သင်ရှေ့ကို ပြန်ရောက်လာတာ တွေ့ရပါလိမ့်မယ်။ ဒါဟာမှ အနုပညာကို တကယ်သိမ်းယူခံစားခြင်းပါ။ အဲဒီအရာဝတ္ထုကို လက်ဝယ်ပိုင်ခြင်းမည်ပါတယ်။ အားလုံးသော စာဖတ်သူတွေလည်း ကိုယ်ပိုင်အနုပညာ ပစ္စည်းများ စုဆောင်း ပိုင်ဆိုင်နိုင်ကြပါစေ....။




ဖိုးသင်္ကြန်

8 comments:

အလှတရား said...

အနုပညာရှင်တွေရဲ့ ၀ိဥာဉ် ဖြူဖြူစင်စင်လေးတွေကို နားလည်အောင် ဖမ်းယူရတာဟာ တိမ်မျှင်နုပါးပါးလေး တွေကို ဖမ်းရသလို သိပ်ခက်တာပဲ သိပ်လက်ဝင်တာပဲလို့ ပြောကြတယ်။
မညှာမတာ ပြောရရင် စာရေးကောင်းသူတွေ၊ သီချင်းဆိုတော်သူတွေ ရန်က လွတ်အောင် ရှောင်နေရတာနဲ့ တကယ့်အနုပညာရှင် တွေကို ဂုဏ်ပြုဖို့ စိတ်လည်းမပါ၊ အချိန်လည်း မရတော့ဘူးပေါ့ဗျာ။

hmwe said...

အနုပညာ ဆိုတာ ပေးချင်တဲ့ message ကို ခံစားသူထံ ပို့ ပေးတယ် လို့ ပြောလို့ ရပေမယ့် 
တချို့  အနုပညာတွေ က တွေးပြီး ကြိုက်သလို ခံစား
ခွင့် ကို လဲ ပေးတယ်လေ

မြို့ မငြီမ်း ရဲ့  သီချင်းတွေ ကိုတော့ သင်္ကြန်ဆိုရင်လဲ ဘယ်သူမှ မကျော်နိုင်တာ အခုခေတ်အထိပါဘဲ ။
ဖန်တီးမှု အနုပညာဆိုတာ အချိန်ကာလ ကြာလေ မှတ်ကျောက်အတင်ခံနိုင်လာလေပေါ့ ။

ဗီလိန် said...

ဗီလိန်ရိုက်တဲ့ ဓာတ်ပုံ ဘာကြောင့် ဝါးနေရတာလဲ။

မေဇင် said...

အင်းးးးးးးးး ... အနုပညာ ဆိုတာ... ခုချိန်ထိ မယဉ်ပါးသေးဘူး... မခံစားတတ်တဲ့သူအတွက် အနုပညာဆိုတာ အလကားပဲ တဲ့... အဟဲ...။

မေဇင် said...

ဗီလိန် ရိုက်တဲ့ ဓာတ်ပုံဘာကြောင့် ၀ါး တာလဲ ဆိုတော့.. အနုပညာ ကြောင့်ပါ... အဟဲ..။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

အန်တီမာမာအေးရဲ့  မေ့ကွက်ကိုရှာ သီချင်းရဲ့ ရည်ရွယ်ချက်ကိုသိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။
အနုပညာကိုနားမလည်ပေမဲ့ အနုပညာကိုချစ်တယ်။

ကိုဗီလိန်ရိုက်တဲ့ဓါတ်ပုံဝါးရတာ ဒါပုံဆရာ ကိုဗီလိန်ရဲ့အနုပညာလက်ရာကြောင့်ပါ. ဟိဟိ

ကြည်ဖြူပိုင် said...

မောင်လေးက မရေးတော့လဲမရေးဘူး
ရေးတော့လဲ အတွေးလေးတွေပါတယ
် အဓိပ္ပါယ်ရှိတယ်
စာဖတ်သူကိုတစ်ခုခုရအောင်တော့
ပေးလိုက်နိုင်တယ်
တော်ပါတယ်ဟယ်
ချီးကျူးတယ်တကယ်

reenoemann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!