အဝိဇ္ဖာ Monologue



အပြင်ထွက်ချင်လှပြီ၊ ဒါမှမဟုတ် အထဲဝင်ချင်လှပြီ။
ခုရပ်နေတဲ့နေရာက ကြောက်စရာကောင်းအောင် နွေးထွေးလွန်းနေတယ်။
အပူလှိုင်းတွေ...အပူလှိုင်းတွေ။
ကျွန်တော်တို့အားလုံး ပူစီပေါင်းတွေလို တဖေါက်ဖေါက်နဲ့။

ဘာကြောင့်များ ဆီပူအိုးပေါ် ခေါက်တုံ့ပြန်လျှောက်ခိုင်းနေရတာလဲ။
တဘဝပြီးတဘဝ၊ တသက်ပြီးတသက်...။
ဘုရားသခင်အလိုတော်ကျလား? သံသရာစွမ်းအင်တွေလား? ဓာတုညီမျှခြင်းတွေလား? ဒါမှမဟုတ် အကျိုးမဲ့ဖြစ်တည်မှုတွေလား?
ကြောက်စရာကောင်းလောက်အောင် ငြီးငွေ့စေမယ်။
ပြန်မရှင်းပြပါနဲ့။ ခင်ဗျား ကိုယ်တိုင်လည်း စုံလုံးကန်းနေတာပဲ မဟုတ်လား။

နွားနို့နဲ့ နွား၊ ဘယ်သင်းက ပိုရှေးကျသလဲ၊
ပညာတက်တွေ စဉ်းစားကြပါစေ။
ကျွန်တော့်အတွက် နာရီတွေက အချိန်တွေထက် လှပတယ်။
လိပ်ပြာတွေတောင်ပံခပ်နေတယ်၊ တဖျတ်ဖျတ်နဲ့...တဖျတ်ဖျတ်နဲ့။
သီအိုရီတွေရဲ့ ဗျာဒိတ်ချက်အတိုင်း
မုန်တိုင်းတွေ ဖြစ်လာမှာလား။ လေပြေဘဝနဲ့ ဇာတ်သိမ်းကြမှာလား။

ပဌာန်းကျမ်းအလိုအရ "....ပစ္စယော..." တဲ့လေ။
ခေါင်းတဆက်ဆက်ငြိတ်လိုက်တဲ့ ရှေ့ဆုံးတန်းကလူ၊ ခင်ဗျား ဘာသိလို့လဲ။
အကြောင်းဆိုတာ အကျိုးတွေဗျ။ အကျိုးဆိုတာလည်း အကြောင်းတွေလေ။
သမုတိသစ္စာနဲ့ ကျွန်တော်ပြောပြချင်တာတွေကို မှုတ်ထုတ်ပြမယ်၊
လောကမုသားတွေချည်း။
လူဆိုတာမရှိဘူး၊ ခန္ဓာ၅ပါးပဲရှိတယ်။
ခွေးဆိုတာမရှိဘူး၊ ခန္ဓာ၅ပါးပဲရှိတယ်။
ငရဲဆိုတာမရှိဘူး၊ ခန္ဓာ၅ပါးပဲရှိတယ်။
......။

လူဆိုတာမရှိတော့ လူသတ်တယ်ဆိုတဲ့ ကြိယာပုဒ် ရှိနိုင်ပါတော့မလား?
ခွေးဆိုတာမရှိတော့ ခွေးကိုက်တယ်ဆိုတဲ့ အကျိုးဆက်ကော ရှိပါဦးတော့မလား?
ငရဲဆိုတာမရှိမှတော့ ကံကြွေးဆပ်တယ်ဆိုတဲ့ သွန်သင်မှု ဟာသတစ်ပုဒ် ဖြစ်သွားမလား?
ဒါဆို မြတ်စွာဘုရား ၄၅ဝါလုံး အပင်ပမ်းခံဟောပြောခဲ့တာ ဘာတွေလဲ?
ကျမ်း၃ပုံရဲ့ အဆီအနှစ်က ဘာတွေလဲ?
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်.....၊
မင်း သေလိုက်ဖို့ကောင်းနေပြီ။

တံခါးတွေ တွန်းဖွင့်ကြတယ်။
ဒီမေးခွန်းတွေ လူတိုင်းကို မမေးပါရစေနဲ့၊
သူတို့ရဲ့ နေ့စဉ်ဘဝမှာ သေခြင်းတရားလောက်ကိုပဲ ကြောက်စရာ ထင်နေကြတာလေ။
ရှင်နာဂသိန်က တစ်ခွန်းတည်းမိန့်တယ်။
မြားပစ်သူကို ရှာမှာလား၊ မြားကို ရှောင်မှာလားတဲ့။
အသက်ရှင်ဖို့ဆိုတာ မေးခွန်းရှာသူတွေအတွက်
အသက်တွေပဲ ထပ်ထပ်ရှင်စေမှာ သက်သက်...။

ဇာတိ၊ ဇရာ၊ မရဏ...
ပြဇာတ်တစ်ပုဒ်လိုပဲ
ပွဲရက်ရှိသလောက် ထပ်တလဲလဲ ကရဦးမှာ။
အဖြေကို မသိသေးသရွှေ့။
(မွေးလိုက်စမ်း၊ ရုန်းလိုက်စမ်း၊ နာလိုက်စမ်း၊ သေလိုက်စမ်း။)
(မွေးလိုက်စမ်း၊ ရုန်းလိုက်စမ်း၊ နာလိုက်စမ်း၊ သေလိုက်စမ်း။)

ဘေးဘီကို ငဲ့ကြည့်လိုက်ပါ။
တချို့က ယုံကြည်မှုနဲ့သေဆုံးတယ်၊
တချို့က ခံယူချက်နဲ့သေဆုံးတယ်၊
တချို့က ကြောက်လန့်ခြင်းနဲ့ သေဆုံးတယ်။
ဘယ်သူက လွတ်မြောက်သူအစစ်လဲ
ဘယ်သူက လွတ်မြောက်သွားတာလဲ
သိချင်ရင် သိမှဖြစ်မှာ။

နည်းနည်းပြောမယ်။
လွယ်လွန်းလို့ တရားမမြောက်ခဲ့တာ၊
ဘုရားစကားက ရိုးစင်းလှတယ်။
အနတ္တတဲ့လေ။
"ငါ"မှ မရှိတာ...။
ဘယ်လို "ငါ" လုပ်မှာလဲ ၊
ဘာလို့ "ငါ"က ခံစားရမှာလဲ၊
ဘယ်လို "ငါ့"မှာ သံသရာရှိမှာလဲ။
အားလုံးက ပစ္စယောတွေ သက်သက်။
အကြောင်းတွေဖြစ်တယ် (သူ့ဖာသာ)၊ အကျိုးတွေ ဆက်တယ် (သူ့ဖာသာ)။
ကဲ ဆက်ဖက်တွယ်နေတာကတော့
ကိုယ်ထိုက် ကိုယ့်ကံပေါ့။

တံခါးတွေ ဆက်ကာဆက်ကာ တွန်းဖွင့်ကြဆဲ။
တကယ်တမ်းပြောရရင် တံခါးဆိုတာ ဘာလဲ၊ ဖွင့်တယ်ဆိုတာဘာလဲ။
မေးခွန်းတွေ ချန်ခဲ့ပါရစေ။
ပညာတက်တွေအတွက်၊
ပညာမဲ့တွေအတွက်၊
ပညာရှိတွေအတွက်...။ ။





PS. (ပဌာန်းကျမ်းကို ပူဇော်ခံစား ရေးဖွဲ့ပါသည်။ အားလုံး အမှန်တွေ့၍ ငြိမ်းချမ်းနိုင်ပါစေ။)




ဖိုးသင်္ကြန်

၆၄






လွန်ခဲ့တဲ့ ၅၈နှစ်က
အဖမဲ့
ကောင်မလေးတစ်ယောက်










မျက်နှာစိမ်းတွေကြား
ချို့ချို့တဲ့တဲ့
ပညာသင်ရင်း

















ပျော်စရာအကောင်းဆုံး
ကာလလေးတစ်ခု
ပိုင်ဆိုင်ခဲ့ဖူးလေရဲ့


















အကြွင်းမဲ့မေတ္တာနဲ့
သာမာန် မိခင်တစ်ဦး














ပြီးပြည့်စုံနေတဲ့
အသိုက်အမြုံတစ်ခုအောက်က











ခဏတာအတွင်း
နံမည်ရှေ့
စာနှစ်လုံးအဓိပ္ပာယ်
သူကိုယ်တိုင် နားလည်လိုက်ချိန်













၅၂သန်းအရေး
ဗီဇစိတ်တို့
ဗလောင်ဆူခဲ့တယ်





စွန့်လွတ်ခဲ့ရတဲ့
နှလုံးသည်းပွတ်တွေ
ခုနေ ဘယ်မှာရှိနေမလဲ





















တနေ့နေ့ ပြန်ဆုံကြရဖို့
အဝေးရောက်
ဝမ်းမနာသားတွေ
တိတ်တိတ်ဆိတ်
ဆုတောင်းပေးမယ်
ဒို့မေမေ
ကျမ်းမာစေကြောင်း...။




ဖက်ပြိုင်ကာ ယှဉ်မတုပါနှင့် (၂)

စာရေးချင်သည်။ စဉ်းစားထားတဲ့ ဇာတ်လမ်းလေးတွေတော့ရှိသည်။ အချိန်ကို လိုသလောက်မပေးနိုင်သေး။ အဓိကကတော့အပေါင်းအသင်းကောင်းနေလို့ ညတိုင်းနီးနီး အိမ်ပြန်နောက်ကျနေလို့ဖြစ်သည်။ ကွန်ပျူတာဖွင့်လိုက်ရင်လည်း အရေးတကြီးလုပ်စရာတွေ (Gameများ နှိပ်ခြင်း၊ facebook, friendster တို့မှ တွေ့သမျှကောင်မလေးများကို Invite လုပ်ခြင်း) လုပ်နေရသဖြင့် စာတွေတောင် ကောင်းကောင်းမဖတ်နိုင်တော့။ ကဲ၊ ဒီတော့ ခါတော်မှီပဲ ရေးလက်စပို့စ်အဟောင်းလေးကိုပဲ ဆက်ရေးလိုက်ပါတယ်။ ပထမပိုင်းကတော့ ဒီမှာပါ။ ( သြော်၊ တခု သတိပေးမလို့။ ထမင်းမစားခင်နဲ့ ထမင်းစားပြီး ၄၅မိနစ်မပြည့်မချင်း အောက်ကစာတွေကို မဖတ်ပါနဲ့လို့ အနူးအညွတ် သတိပေးတောင်းပန်ပါတယ်။ ဖတ်မိရင်တော့ ကိုယ်ထိုက်နဲ့ကိုယ့်ကံပါ။)
.....................................................................................
တကယ်တမ်း ပရော့ချက်ကြီးစပြီဆိုတော့ ထင်တာထက်ပိုခက်နေသည်။ အဓိကက ကုန်ကြမ်းဖြစ်သည်။ ကာလက မိုးဦးပေါက်၊ လိုချင်တာက နောက်ချီးအခြောက်။ လယ်သမားတွေက နွေတလျှောက် စုထားသမျှတွေကို လယ်ကွက်ထဲ ဓာတ်မြေသြဇာအဖြစ်သွန်ထည့်လိုက်ပြီ။ ကျွန်တော်တို့ လိုချင်သလို အခြောက်တွေမရှိတော့။ (နောက်ချီးခြောက်ကို ဆိုလိုပါသည်။) အစိုတွေကျတော့လည်း ဘယ်သူမှဂရုတစိုက်လိုက်မစုကြတော့။ လမ်းပေါ်မှာ နောက်ချီးပုံများတွေ့လျှင် ကျွန်တော်တို့ အုပ်စုမှာ လယ်သမားထုကြီးကို လက်သီးလက်မောင်းတန်း အရေးဆိုမိမတက်။ သူရို့မို့ ဒီလောက်အရေးပါသည့် သဘာဝထွက်ကုန်တွေကို အလဟသတ်ပစ်ထားရက်ကြသည်။ ဒါဖြင့် တန်ဖိုးသိတဲ့ မင်းတို့ကျုံး...ဆိုပြန်တော့လည်း MIT ကျောင်းတော်သားတွေပီပီ လူတွေက ခပ်ထောင်ထောင်၊ ဘဝကခပ်မြင့်မြင့်။

တရွာဝင်တရွာထွက် လိုက်ရှာလိုက်တာ နောက်ဆုံး လယ်သမားတစ်ယောက်က သူ့တင်းကုတ်မှာ ပိုလျှံနေတာတွေရှိသည်ဟု သတင်းပေးသည်။ တကယ်က သူလဲမကျုံးနိုင်တော့လို့ အမှိုက်ရှင်းပြီးရော အလကားပေးတာပါ။ ပေးသူကပေးသော်လည်း ယူဖို့သယ်ဖို့ကြတော့ တော်တော်ဒုက္ခများသေးတာကလား။ နောက်ချီးအစိုတွေ ဆာလာအိတ်ထဲထည့်ပြီး ကျောင်းရှေ့ပေါက်က ခပ်တည်တည်ဝင်နိုင်လောက်သည်အထိ ကျွန်တော်တို့ မျက်ခွက်မပြောင်နိုင်သေး။ တကျောင်းလုံးက မျက်လုံးပေါင်းသောင်းခြောက်ထောင်နဲ့ ဝိုင်းကြည့်ကြမှာဆိုတော့ နံမည်ကြီးရချည်သေးရဲ့။ ဒါနဲ့ပဲ ကျောင်းအဆင်း၊ ကျောင်းကားတွေ ထွက်သွားတဲ့အချိန်ကိုစောင့်၊ ကျောင်းနောက်ဖတ် မလွယ်ပေါက်က ခိုးကြောင်ခိုးဝှက် နောက်ချီးထုပ်တွေဆွဲဝင်ခဲ့ရပါသည်။ အဓိကကုန်ကြမ်း ပြဿနာပြေလည်သွားပြီဆိုတော့ ကျွန်တော်တို့အုပ်စု ပြုံးပြုံးပျော်ပျော်ပေါ့လေ။ မကြာပါဘူး၊ နည်းနည်း သတိဝင်လာလို့စဉ်းစားမိတော့မှ ကျွန်တော်တို့ ယူလာတာက အစိုတွေ၊ လိုချင်တဲ့ပုံစံက အမှုန့်လုပ်လို့ရမယ့် နောက်ချီးခြောက်လေ။ ပရော့ချက်အတွက်ပေးထားတဲ့အချိန်က နှစ်ပတ်ထဲရယ်။ လိုချင်တဲ့အခြောက်အခဲရဖို့ဆို ဒါကြီးတွေကို အခြောက်ခံရတော့မည်။ တွေးရင်း ရင်ပြန်မောလာပြန်သည်။

နောက်တနေ့ Workshopဘေးက မြေကွက်လပ်မှာ လက်အိတ်ကိုယ်စီနှင့် အလုပ်များနေသော ကျွန်တော်တို့အုပ်စုကို အခြားအဖွဲ့တွေမှ ထူးထူးဆန်းဆန်းကောင်တွေအဖြစ် ဝိုင်းကြည့်ကြသည်။ အနားတော့မကပ်ရဲကြ။ နောက်ချီးအစိုတွေကို ဖြန့်လှန်းဖို့ဆိုတာ လွယ်မယောင်နဲ့ ခတ်လှသည်လေ။ ကန်တော့ပါရဲ့၊ တချို့အတုံးတွေက တော်တော်မာသည်၊ ကြီးသည်။ မြန်မြန်ခြောက်ဖို့၊ ရေငွေ့ထွက်သွားဖို့ဆိုလျှင် ကျေညတ်နေအောင် ဖိချေပစ်မှရမည်။ ထုထောင်းဖို့ တူသွားတောင်းတော့ လက်ထောက်ဆရာလေးက တူလေးတွေကို နှမျောသလိုကြည့်ပြီး ထုတ်ပေးသည်။ ပြောသေးသည်၊ ပြီးရင်တော့ ပြောင်အောင် ဆေးပေးနော်တဲ့။ တနေကုန် ထုထောင်း ဖြန့်ချလိုက်တာ ကွက်လပ်တစ်ခုစာ ပြည့်မတက်ဖြစ်သွားသည်။ အိုကေ၊ နောက်တစ်ရက်၊နှစ်ရက်လောက်ဆို ကျွန်တော်တို့ လုပ်ငန်းစလို့ရပြီ။ အဖွဲ့ထဲမှ လိုအပ်တဲ့စာရွက်စာတမ်းနှင့် အထောက်အထားရှာခိုင်းထားသော ကောင်မလေးတွေက တစ်ခု Complain တက်ကြသည်။ သူတို့သိသလောက် ဒီလိုနံရံမျိုးကို အိန္ဒိယတိုင်းရင်းသားများလုပ်လေ့ရှိကြောင်းနှင့် သူတို့နည်းစနစ်ကို စုံစမ်း၍မရသေးကြောင်း...။ ဒီလိုဆိုတော့လည်း ဇာတ်လိုက်ကျော် ဖိုးသင်္ကြန်တို့ အုပ်စုပဲ ကျောင်းအပြန် အင်းစိန်ဘက်မှာဆင်း၊ အနီးအနား နွားမွေးကြသော ဘာဘူ၊ မာမွတ်တို့ထံ တပည့်ခံရသည်ပေါ့။ ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားသည်။ လိုအပ်သည့် မြေမှုန့်ရှာမရ၍ Workshopဘေးမှ အုတ်ခဲကျိုးတွေထောင်းရသည့်ဒုက္ခ၊ ထုံးအိတ်တွေ ရေငွေ့ရိုက်ကုန်သဖြင့် ပြန်မီးဖုတ် ထုထောင်းရသည့်ဒုက္ခ...ဒါတွေကိုတော့ အကျယ်မပြောချင်တော့ပါ။ တရက်တော့ ဂြိုဟ်ဆိုးဝင်ပါသည်။ ကျောင်းကအပြန် ၅၃ဘောလုံးကားတွေပေါ်ရောက်မှ မိုးက ဝုန်းဆိုရွာချလိုက်သည်။ ဖြတ်ခနဲသတိရလိုက်၍ လွယ်အိတ်ဆွဲခုန်ချပြီး ပြေးကြည့်လိုက်တော့...။ သွားပြီ၊ ကျွန်တော်တို့ရဲ့ မျော်လင့်ချက်တွေ ဘောလောမျောနေပြီ။ အခြောက်လှန်းထားသော ကွက်လပ်တပြင်လုံးမြင်မကောင်းအောင် ပွယောင်းနေသည်။ စိတ်ပျက်လက်ပျက်နှင့် ကားပေါ်ပြန်တက်ပြီး အဖွဲ့ထဲမှ သူငယ်ချင်းများကို အကျိုးအကြောင်းပြန်ပြောပြတော့ ပတ်လတ်လန်ကုန်သည်။ မတက်နိုင်၊ နောက်တစ်ကြိမ် နေပူလှန်းဖို့မဖြစ်နိုင်တော့။ ပရော့ချက်တင်ရမည့်အချိန်ကလည်း နီးနေပြီလေ။ ကျွန်တော်တို့ တစ်ခုခုကြံရတော့မည်။

နောက်နေ့ ကျွန်တော်တို့ကုန်ကြမ်းဖတ်တွေကို အခြားမေဂျာမှ သူငယ်ချင်းတွေပါသိကုန်ပြီး လာကြည့်ကြသည်။ တချို့ကလည်း မြှောက်ပေးသည်။ တချို့ကလည်း ဖြစ်ပျက်နေပုံကို ကြည့်ပြီး နေ့လည်စာပင် မစားနိုင်တော့။ Workshop မှ ဆရာလေးထံ နောက်တစ်ကြိမ်ချည်းကပ်တော့ သူလဲ ကျွန်တော်တို့ကို လန့်နေပြီ။ တောင်းတောင်းပန်ပန်နှင့် မဆလာသယ်သော ဒယ်ပိုင်းများကို ငှားရသည်။ ထုံးစံအတိုင်း ပြောင်အောင်ဆေးပေးပါမည်ဆိုတဲ့ ကတိကိုလည်းပေးရသေးသည်။ နောက် အစိုတွေကို ဒယ်ပိုင်းတွေထဲကျုံးထည့်၊ အသုံးမလိုသည့် workshopမှ သစ်သားအတိုအစတွေကို ထင်းလုပ် မီးတိုက်ကြသည်။ မွှန်လိုက်သည့်ဖြစ်ခြင်း။ အများကြီးလဲ မီးမရှို့ရဲ၊ တော်ကြာ နောက်ချီးမီးတိုက်ပါသည်ဆိုပြီး ဦးသောင်းနားပေါက်သွားရင်မလွယ်။ ဒီလူက ကျောင်းသားတစ်ယောက် ခါချဉ်ကိုက်လို့ အားးးးလို့အော်တောင် ကျောင်းစည်းကမ်းဖေါက်ဖျက်မှုနှင့် ကျောင်းထုတ်ချင်ထုတ်တက်သည်လေ။ ဒါနဲ့ပဲ တဒယ်ပြီးတဒယ်၊ တတုံးပြီးတတုံးနဲ့ လုပ်လိုက်ကြတာ နှစ်ရက်လောက်ကြာပါရော့လား။ တကိုယ်လုံးလဲ စိမ်းရွှေရွှေရနံ့တွေနှင့်။ လူတွေလဲ ကျောင်းပြန်လို့ ကျောင်းကားပေါ်တက်ရင်တောင် လူတွေနားမကပ်ရဲတော့။

နောက်ချီးတွေခြောက်၊ အခြောက်တွေထောင်း၊ အမှုန့်လုပ်...အားလုံးပြီးတော့မှ ကျွန်တော်တို့ လုပ်ငန်းစသည်။ ပထမဆုံး နံရံအတွင်းသား အမာခံထည့်သွင်းရန် ဝါးထရံအသေးလေးတွေ ရက်ကြသည်။ သိပ်ပါးလွန်းနေသဖြင့် ဝါးကပ်ငယ်များပြောင်းလုပ်ကြသည်။ ဝါးကပ်တွေ သိပ်စိတ်နေသဖြင့် ပူးကပ်မှု(Bonding Strength) နည်းသည်ဆိုကာ ကျဲကျဲကြီးတွေ ပြောင်းရက်ကြရပြန်သည်။ နောက်ဆုံးစိတ်တိုင်းကျပြီဆိုမှ အပေါ်ယံ သုတ်လိမ်းဖို့ ပလာစတာပိုင်းကို ဖျော်ကြသည်။ တိုင်းရင်းသားများ၊ အိန္ဒိယအမျိုးသားများ ဘယ်လိုအချိုးအဆနဲ့ ဖျော်သလဲ ကျွန်တော်တို့ သေချာမသိ။ ဒီလိုနဲ့ပဲ ကွန်ကရစ်မဆလာဖျော်သလို၊ ထုံးသရွတ်စပ်သလို ၁း၂း၎၊ ၁း၁း၁း၆တို့နှင့် စမ်းသပ်ကြည့်ကြသည်။ အဆင်မပြေလှ။ အဓိကက ခြောက်သွေ့သွားသည့်အခါ နံရံတွင် အက်ကြောင်းများပေါ်လာခြင်းနှင့် နောက်ချီးသည် Organic compoundစစ်စစ် ဖြစ်နေသဖြင့် မှိုတက်လာခြင်းတို့ဖြစ်သည်။ အချိန်တွေက တတိတိနဲ့ ကုန်နေပြီ။ အခြားအဖွဲ့တွေက သူတို့အလုပ်တွေ လက်စသတ်၊ စာတမ်းတွေပင် ရေးနေကြပြီ။ ဖျော်ထားသည့်အထဲကို ဘိလပ်မြေထည့်ကြည့်သည်။ မရ။ နောက် အက်ကွဲကြောင်းတွေကို ပလာစတာမှုန့် ဖြည့်သိပ်ကြည့်သည်။ ဒါလည်း အဆင်မပြေ။ မှိုတက်နေသော ဖြူဖက်ဖက်နံရံချပ်ပေါ်တွင် ရွံ့ရည်တွေနှင့် လိမ်းကျံကြည့်သည်။ ဘယ်လိုမှ ကြည့်မကောင်း။ နောက်ဆုံး ကျွန်တော်တို့ လက်လျှော့ပြီး ကြီးကြပ်သူဆရာမထံ ပရော့ချက်ပြောင်းဖို့ အပူကပ်ရတော့သည်။

ဆရာမက လွယ်လွယ်ကူကူ တစ်ခုချက်ချင်းပြောင်းလုပ်ဖို့ အကြံပေးသည်။ ဒါနဲ့ပဲ လူပြန်စု၊ ပိုက်ဆံကောက်ပြီး ပြတင်းပေါက်တစ်ခု အမြန်ရိုက်လိုက်ရသည်။ ပြတင်းပေါက် ပရော့ချက်ပေါ့လေ။ လွယ်လွယ်လေးဟု ထင်သလားမိတ်ဆွေ။ မလွယ်ပါ။ နောက်ချီးမှာ ငွေမြှုပ်သွားသဖြင့် ဘတ်ဂျတ်ထုတ်ပေးသူ ကောင်မလေးများက ငွေမပေးချင်ကြတော့။ ဒါနဲ့ ကျောင်းworkshopက သစ်တိုသစ်စတွေ တောင်း၊ တောင်းမရသည့် ပျဉ်းကတိုးတို့ ကျွန်းတို့ဆိုလျှင် မမြင်အောင်ခိုးပြီး လုပ်ရသည်။ (အင်ဂျင်နီယာဗီဇလေးပေါ့လေ၊ ခိုးတာကိုပြောတာမဟုတ်ဘူးနော်၊ ရှိတာနဲ့ ဖြစ်အောင်လုပ်တာကို ပြောတာ။)

နောက်ဆုံး ပရော့ချက်တင်တော့ ထိုစဉ်က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် လာကြည့်သည်။ ဝါးဆက်တီ၊ ဝါးကူမြောင်းဖုံး၊ ကောက်ရိုးသွပ် မျက်နှာကြပ်၊ စာအုပ်ဘီရို၊ wallpaperကပ် တံခါးချပ်...နောက် ကျွန်တော်တို့၏ ပျဉ်းကတိုးခွေ ကျွန်းပြတင်းပေါက်။ ကျွန်တော်တို့ ပရော့ချက်အမှတ်တွေအများကြီးရလိုက်သည်။ ဘာကြောင့်လဲ မိတ်ဆွေမသိချင်ဘူးလား။ ကျွန်တော်တို့ ပြတင်းပေါက်ကို တစ်ဖတ်မှ သုံးထပ်သားပိတ်ပြီး ရုံးခန်းမှာ စာအုပ်စင်လုပ်ဖို့ ဆရာမကြီးကိုယ်တိုင်တောင်းယူသွားလို့ပါပဲခင်ဗျား။

တကယ်လို့များ မှော်ဘီကျောင်းတော်ကြီးကို ရောက်ဖြစ်ခဲ့ရင် ၂၀၀၂ခုနှစ် ကျွန်တော်တို့ ဒုတိယနှစ် Civil ကျောင်းသားများ၏ ပရော့ချက်များကို လာရောက်လေ့လာကြပါ။ ဝါးဆက်တီက Workshop ဧည့်ခန်းမှာရှိပါတယ်။ တံခါးချပ်က ခု အိမ်သာတံခါးဖြစ်နေပါပြီ။ မြောင်းဖုံးကို Workshopဘေးရေမြောင်းမှာ ခင်းထားပါတယ်။ ဘီရိုက စာကြည့်တိုက်မှာပါ။ ကျွန်တော်တို့ရဲ့ ခိုးရာပါ ပြတင်းပေါက်လေးကတော့ ကျောင်းအုပ်ရုံးခန်း ဘယ်ဘက်ထောင့်မှာ စာအုပ်လေးတွေ အစီအရီနဲ့ပေါ့လေ............။ ။

P.S ဒီပို့စ်ကို ကျွန်တော် ပထမတစ်ပိုင်းရေးတော့ သူငယ်ချင်းတွေဆီက reply ပေါင်းစုံလာပါတယ်။ ကျောင်းသိက္ခာချတယ်တို့၊ ငါတို့ကို အထင်သေးနေရတဲ့အထဲ ဝါးကူထိုးတယ်တို့ပေါ့လေ။ ကျွန်တော်ဆိုလိုချင်တာက တမျိုးပါ။ တကယ်က Technical ကျောင်းတွေမှာ လုပ်ရတဲ့ Project ဆိုတာဟာ ကျောင်းသားတွေရဲ့ တီထွင်နိုင်တဲ့ စိတ်ကူးစိတ်သန်းနဲ့ ကျောင်းစာတွေအပေါ်မှာ နားလည်ကျေညတ်မှုကို တိုင်းတာ စစ်ဆေးတာပါ။ ကျွန်တော်တို့ လုပ်ခွင့်ရ၊လုပ်ခဲ့ရတာက ဘာမှမဆိုင်တဲ့ သာမန်အရာတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ အားကျိုးမာန်တက်လုပ်ခဲ့ကြပါတယ်။ နှမ်းစေ့လေးပဲဖြစ်ဖြစ်၊ သစ်ခွစေ့ပဲဖြစ်ဖြစ် အရာရာဟာ ကြီးထွားရှင်သန်ဖို့ဆိုရင် ရေခံမြေခံလိုပါတယ်။ ကျွန်တော်တို့မှာ ပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေမရှိပါဘူး။ Workshopတွေလည်း မရှိပါဘူး။ လုံလောက်တဲ့ စာရွတ်စာတမ်းတွေ၊ အင်တာနက်တွေ မရှိခဲ့ပါဘူး။ တိကျတဲ့ လမ်းညွှန်ချက်တွေ မရခဲ့ပါဘူး။ တကယ်လို့များ ဒီအရာတွေရခဲ့ရင် ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပရော့ချက်တွေဟာ အခုလိုမျိုး ရယ်စရာတစ်ခုအဖြစ် ဇာတ်သိမ်းသွားမှာ မဟုတ်ပါဘူး။ ခုမြန်မာနိုင်ငံတစ်ဝှမ်းမှာ GTC ကျောင်းပေါင်း ၄၀နီးပါး၊ GCC ကျောင်းပေါင်း ၃၀နီးပါးရှိပါတယ် ။ အဲဒီကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်း သိန်းချီရှိနေပါတယ်။ သူတို့တွေမှာ စိတ်ကူးစိတ်သန်းတွေရှိပါတယ်။ အတွေးအခေါ်တွေ ရှိပါတယ်။ လုပ်ချင်ကိုင်ချင်၊ စမ်းသပ်ချင်တဲ့ စိတ်တွေလည်း ရှိကြပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ နောက်ထပ် နောက်ထပ်သော ဖိုးသင်္ကြန်တွေ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ မညံ့ကြ၊ မဝေးကြပါဘူး။ နိုင်ငံတကာနဲ့ ရင်ဘောင်တမ်းဖို့ဆိုရင် ကျွန်တော်တို့ကို တစ်ခုပဲ ပေးပါ။ အာခိမီးဒိ ပြောဖူးပါတယ်။ "မတ်မတ်ရပ်ဖို့ နေရာတစ်ခုနဲ့ တုတ်ကြီးကြီးပဲပေးစမ်းပါ။ ကမ္ဘာကြီးကို ကျုပ်ရွှေ့ပြမယ်"တဲ့။ ကျွန်တော်လဲ ပြည်တွင်းက ကျောင်းသားအားလုံးရဲ့ကိုယ်စား ဒီနေရာကနေ စိန်ခေါ်လိုက်ချင်ပါတယ်။

"မတ်မတ်ရပ်ဖို့ ကျောင်းတွေနဲ့ ကိုင်စွဲစရာပညာတွေသာ ပေးစမ်းပါ။ ငါတို့ ကမ္ဘာကို ကိုင်လှုပ်ပြမယ်။"

ဖိုးသင်္ကြန်

PAWN


ပြန်လှည့်မကြည့်ကြေး
သေဆုံးဖို့ ငါထွက်လာခဲ့တာ
လက်ချင်းချိတ် ကျန်နေရစ်ခဲ့ပေါ့
ပြန်မတွေးပါရစေနဲ့
မင်းရှေ့မှာ ငါရှိခဲ့တာ
ပိတ်ဆို့မှုတစ်ခုတဲ့လား...။

ခပ်ရဲရဲပဲ
ဆက်ခါဆက်ခါ တိုးဝင်လို့
မျက်နှာလွှဲ ထွက်ပြေးခဲ့ပြီ
ဘုရင်တစ်ပါးအတွက်
မင်း စတေးရက်ခဲ့
အခင်ဆုံးပါဆိုတဲ့
ထမင်းသိုးဟင်းသိုး ပွန်းတစ်ကောင်...။

နားဆင်လှည့် ချစ်ခဲ့သူ
ပေးဆပ်တယ်ဆိုတိုင်း
ပါရမီတစ်ခုဖြစ်ခဲ့ရင်
လေးအသင်္ချေ ပြည့်ခဲ့တာ ကြာပြီ
ပွားများတိုင်း ဘာဝနာဖြစ်မြောက်ရင်
Wဈာန်တွေ ရခဲ့တာလည်း ကြာလှပေါ့...။

မငိုကြွေးပါရစေနဲ့
ထပ် ထပ်ခါ ဂျီမတိုက်တော့ပါဘူး
ဖုန်းလေးတော့ ဖွင့်ထားသင့်ခဲ့တယ်
တော်ဝင်တဲ့မင်းအလှကို
ဒူးအပေါ်တောင် ကျော်ကြည့်ခွင့်မပေးနိုင်တော့ဘူးလား...။

အချစ်ဆိုတာ ငါ့အတွက်
မိန်းမအိမ်သာတစ်လုံး
ဟိုးအဝေးဆုံးမှာ
တိတ်တိတ်လေး ဆွေးနေလေရဲ့၊
ပွန်းတစ်ကောင်ရဲ့ဖြစ်တည်မှုဟာ
စတေးခြင်းသက်သက်
ပိတ်ဆို့မှုသက်သက်
နောက်ဆုံးစည်းရောက်ရင်တောင်
အစားထိုးခံရယုံသက်သက်...။

ယုံကြည်ချက်တစ်ခုအတွက်
ခန္ဓာဝန်ကို ဒီမှာချခဲ့ပြီ
ဒီဘဝ ဒီမျှလို့
မင်းကို ငါလိမ်ပါရစေ၊
မတော်တဆ သတိရခဲ့ရင်တော့
ခေါင်းငဲ့ကြည့်လိုက်ပါ
၆၄ကွက်ရဲ့ အပြင်ဘက်မှာ

ငါ

မင်းကို စောင့်နေမယ်...။


စိမ်းရက်လေအား

ပြောင်းလဲတက်တဲ့မင်းကို
ဒို့ဘယ်လိုမှ နားမလည်
ကြင်နာတက်သော အညိုရောင်မျက်ဝန်းများ
စိမ်းကားလေရဲ့
နုလုံးသားအိမ်ကို ဓားနဲ့မွှန်းနေတဲ့ စကားလေးတွေ
ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်နေတယ် အမြဲပဲ...။

ချစ်တက်လွန်းတဲ့စိတ်တွေ
(အိုး)တကယ်ကိုကြေကွဲနေ
သာယာချိုမြိန်ခဲ့သော အနီရောင်နှုတ်ခမ်းများ
ခါးသက်လေရဲ့
မေ့မရနိုင်အောင် စွဲလမ်းမိနေတဲ့ အပြုံးလေးတွေ
ကိုယ့်ရင်ထဲမှာ ညစဉ်အိပ်မက်ပေး...။

မှောင်နေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာမင်းမရှိခဲ့ရင်လေ
ကြင်နာသူ ကိုယ့်ဘဝအလင်းတန်းလေး
ဘယ်ဆီကို ရောက်နေပြီလဲ
အိုးဝိုး... အိုးဝိုး

စိမ်း ရက် လေ အား

စိမ်း ရက် လေ အား

စိမ်း ရက် လေ အား







အချစ်နှင့်သတ္တိ

ပဲခူးသားမေတ္တာ (မူလဗိုလ်အောင်ဒင်)

၁၉၀၀ပြည့်လွန်ကာလ
ပဲခူးမြို့စွန်

မိုးကတဖွဲဖွဲ ရွာနေသည်။ အောင်သာ လမ်းကိုသွက်သွက်လျှောက်နေမိသည်။ လမ်းလျှောက်ရင်းလဲ သူ့အကြံကိုပြန်စဉ်းစားလိုက်၊ ချီတုံချတုံဖြစ်လိုက် ဖြစ်နေသည်။ ဘုန်းကြီးကျောင်းဝင်းနားရောက်ခါနီးလေ၊ သူရင်တွေခုန်လေဖြစ်နေသည်။ တကယ်လို့များ ဆရာတော်ဘုရား ခရီးသွားရာကပြန်ရောက်နေလျှင် သူ့အကြံအစည်အကုန်လုံး သဲထဲရေသွန်ဖြစ်ရပေတော့မည်။ ဒီလိုတော့ ဘယ်နည်းနဲ့မှအဖြစ်မခံနိုင်၊ သူဒီနေ့ ရှမ်းမလေးကို ရအောင်ကိုခိုးမည်။
ရှမ်းမလေးတို့ညီအမ ဘုန်းကြီးကျောင်းကို ရောက်လာခါစက သူတို့တရွာလုံးအတွက် အထူးအဆန်းသဖွယ်ဖြစ်နေသည်။ ခေတ်ကာလအခြေအနေအရ၊ အင်္ဂလိပ်တပ်တွေက ရှမ်းပြည်နှင့်နယ်စွန်နယ်ဖျားများတွင် ပုံကန်ထကြွနေကြသော မျိုးချစ်သူပုန်တပ်များကို အပြင်းအထန်နှိမ်နှင်းနေချိန်။ သူတို့ညီအမလည်း သူပုန်ရန်၊ မျက်နှာဖြူ မင်းစိုးမင်းညစ်ရန်များကြောင့် ဟော်နန်းစိုက်ရာ သီပေါမှ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် အောက်ပြည်အောက်ရပ်သို့ ထွက်ပြေးလာကြတာဖြစ်သည်။ ဘုရားကြီးဖက်သို့အရောက် ဆရာတော်ဘုရားနှင့်တွေ့၍ ကျောင်းသို့ခေါ်လာခြင်းဖြစ်သည်။ မြန်မာလို ကောင်းကောင်းမပြောတက်သော ရုပ်ရည်နန်းဆန်လှသော သူတို့ညီအမကို တစ်ရွာလုံးက ဂရုဏာသက်နေကြသည်။ ဆရာတော်ဘုရားက ဟော်နန်းအဆက်အနွယ်များဖြစ်သည်က တစ်ကြောင်း၊ ခေတ်ပျက်ကာလဖြစ်နေသည်က တစ်ကြောင်းကြောင့် ရွာထဲသို့ပင်မပို့ပဲ ကျောင်းထောင့် ဆရာတော်မယ်တော်နေထိုင်ရာ ဇရပ်ငယ်လေးတွင်ပဲ နေရာချပေးခဲ့သည်။ သူတို့ညီအမကလည်း သိုသိုသိပ်သိပ်နှင့်သာနေပြီး ရပ်ထဲရွာထဲပင်ဝင်လေ့မရှိ။ မနက်စောစော ဆရာတော်အတွက် ဆွမ်းထချက်သည်ကလွဲလျှင် ဇရပ်အပြင်သို့ပင်ထွက်သည်မဟုတ်။ ရွာထဲမှ ကာလသားများလည်း ဆရာတော်ကြိမ်လုံးကို ကြောက်လှသဖြင့် သူရို့ညီအမကို မျက်လုံးဖြင့်ပင် စေ့စေ့မကြည့်ရဲကြပေ။ ဒါဖြင့် အောင်သာကျတော့ကော။
သူကတော့ အားလုံးထဲမှာ ကံထူးသူ(ဒါမှမဟုတ်) ကံဆိုးသူဟုလည်းဆိုနိုင်သည်။ အောင်သာတို့ညီအကိုမောင်နှမလေးယောက်သည် သာမာန်လက်လုပ်လက်စားများဖြစ်ကြသည်။ မိုးကျလာလျှင် သူများလယ် ပျိုးချ၊ ထယ်ထိုး၊ စပါးမှည့်တော့ ပျိုးရိတ်၊ ကောက်လှိုင်းသယ်နှင့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေခဲ့ကြသည်။ နောက်တစ်မိုးဆိုလျှင်တော့ သူတို့ကိုယ်ပိုင် လယ်ကွက်လေးတစ်ခုလောက် ဝယ်နိုင်ပေတော့မည်။ အောင်သာက မောင်နှမလေးယောက်မှာ ၃ယောက်မြောက်၊ သူအောက်မှာ မမြခင်ဆိုသောညီမတစ်ယောက်ရှိသေးသည်။ ညီအငယ်ဆုံးပီပီ အကိုတွေက ပင်ပင်ပန်းပန်းတွေခိုင်းလေ့မရှိ။ ခုမိုးတွင်း အကိုတွေလယ်ထဲကိုင်းထဲသို့ နှစ်ချက်၊သုံးနာရီဆင်းရာတွင်လည်း သူ့ကို မခေါ်သွား။ သူက အာရုဏ်တက်ခါနီးမှ ညီမချက်ပေးသော ထမင်းဟင်းများကို တောင်းကြီးထဲထည့်ကာ နောက်မှ ထမင်းပို့လိုက်ရသည်။ အကိုတွေလုပ်နေသည့်လယ်က ဘုန်းကြီးကျောင်းဘေးတွင်ဖြစ်သည်။ ဒီတွင်ပဲ ခုနကရှမ်းမလေးတွေနှင့်ဆုံဖို့အကြောင်းဖန်လာခြင်းဖြစ်သည်။
မနက်တိုင်း သူဘုန်းကြီးကျောင်းဘေးမှဖြတ်တိုင်း သီချင်းလေးတကြော်ကြော်နှင့် ဆွမ်းချက်နေကြသောသူတို့နှစ်ယောက်ကိုတွေ့နေရသည်။ မဟာဆီမဟာသွေးပါ၍ ယဉ်ကျေးသိမ်မွေ့လှသော မြို့ကြီးသူနှစ်ယောက်မှာ သူလို ကျေးတောသားအရိုင်းကောင်လေး အတွက်တော့ ယာမာနတ်ပြည်မှ နတ်သမီးများပါပေ။ အထူးသဖြင့် အငယ်ဖြစ်ဟန်တူသော ကောင်မလေးဖြစ်သည်။ သူကလေးက ရှိလှမှ အသက်၁၅၊၁၆သာဖြင့်သော်လည်း ဖြူဝင်းသောအသားအရည်၊ ညွှတ်ပြောင်းသောကိုယ်ဟန်နှင့် အလွန်ခံ့ညားဝင်းဖန့်လှသည်။ သူကလေးကို တမေ့တမော ငေးမိသဖြင့် အကိုတွေဆီ ထမင်းပို့နောက်ကျတာလည်း အကြိမ်ပေါင်းမနည်းတော့။ ဒါတောင် ဆီမီးခွက်အလင်းရောင်အောက်မှ သူတို့ကို ကျောင်းအပြင်ဖက်မှောင်ရိပ်ထဲမှ ခိုးကြည့်နေယုံရှိသေးသည်။ အကိုတွေကတော့ စစနောက်နောက်နှင့် မမှီသောပန်းကို တုံးခုမလှမ်းသင့်ကြောင်း ဆုံးမသည်။ သို့သော်...
ထိုသတင်းကို ဖိုးသူတော်ကြီးဆီမှ ကြားရတော့ သူ မျောက်မီးခဲကိုင်သလိုဖြစ်သွားသည်။ ဆရာတော်က သူတို့ညီအမကို ရန်ကုန်ဘက်မှ ဟော်နန်းနှင့်အဆက်အသွယ်ရှိသောမိသားစုတစ်ခုထံ ပို့တော့မည်တဲ့။ ခုလည်းဆရာတော် မြို့တက်သွားတာ ဒါကြောင့်ဖြစ်မည်။ အောင်သာ စိတ်တွေဗလောင်ဆူကုန်သည်။ ဒါဆို သူကလေးနှင့်ခွဲရတော့မည်ပေါ့။ မျက်နှာချင်းဆိုင်ခွင့်မရ၊ စကားလေးတောင်မပြောလိုက်ရပဲ သူမကိုလက်လွှတ်လိုက်ရတော့မည်ပေါ့။ သူ စိတ်တွေရောက်ရတ်ခက်ကုန်ပြီ။ နောက်ဆုံး ကြံရာမရသည့်နောက် သူဒီလိုပဲ ဆုံးဖြတ်လိုက်ရတော့သည်။ သေချာသည်က သူမကို သူမခွဲနိုင်တော့။
မိုးက ညကတည်းကစွေနေသည်။ သူတစ်ညလုံး အိပ်လို့မရ၊ တကိုယ်လုံးလဲ ချွေးစေးတွေပြန်နေသည်။ အကိုတွေ လယ်ထဲဆင်းဖို့ထတော့ မရိပ်မိအောင် အိပ်ချင်ယောင်ဆောင်နေလိုက်ရသေးသည်။ ညီမက တောင်းကြီးထဲသို့ ထမင်းဟင်းတွေထည့်နေချိန်မှာ သူအဝတ်လဲလိုက်သည်။ သူခြစ်ခြစ်ကုတ်ကုတ်စုထားသော ငွေစလေးများကို ခါးပိုက်ထောင်ထဲတွင်ကျစ်ကျစ်ပါအောင် လိပ်သွင်းလိုက်သည်။ သူ့ကို တောင်းလာပေးသော ညီမကို စိတ်ပါလက်ပါ ဖတ်နမ်းလိုက်ပြီး တောင်းကို ထမ်းကာအိမ်ပေါ်မှ ပြေးဆင်းလာခဲ့သည်။ ညီမလုပ်သူကတော့ ထူးထူးဆန်းဆန်းပြုမူသွားသော အကိုငယ်ဧ။်ကျောပြင်ကို ငေးကြည့်ရင်း တွေတွေလေးကျန်နေရစ်ခဲ့သည်။
ကျောင်းနားရောက်တော့ မိုးကတော်တော်သည်းလာသည်။ မိုးသံလေသံတွေကြားထဲမှ ကျောင်းပေါ်မှ အာရုဏ်တက် အုန်းမောင်းသံကြီးကို ပီပီပြင်ပြင်ကြီးကြားလိုက်ရသည်။ သူ့အတွက်အချိန် သိပ်မရှိတော့။ ဆွမ်းချက်ပြီးလို့ ဆွမ်းကပ်မည့်အချိန်ကတရွေ့ရွေ့နီးကပ်လာပြီ။ ကျောင်းပေါ်မှ ကိုရင်၊ ဦးဇင်းများလည်းနိုးလာကြပြီ။ သူအပြေးတစ်ပိုင်းပဲ ကျောင်းစည်းရိုးဘေးသို့ပြေးကပ်လိုက်ပြီး ဆွမ်းချက်ဆောင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ ညီအမနှစ်ယောက်၊ သူနားမလည်သော ရှမ်းစကားများကို ဖောင်ဖွဲ့ပြောရင်း ဆွမ်းခပ်နေကြသည်။ ခဏနေတော့ ပြည့်သွားသော ဆွမ်းဟင်းခွက်တွေကို ဗန်းကြီးထဲထည့်မကာ အကြီးမလေး ကျောင်းပေါ်ခပ်သုတ်သုတ်တက်သွားသည်။ အချိန်ကျပြီ။ ချက်ချင်းပဲ အကို တွေစားမည့် ထမင်းဟင်းများကို တောင်းထဲမှ မှောက်သွန်ပစ်လိုက်ပြီး စည်းရိုးကို အတင်းဖြဲဝင်လိုက်သည်။ ကျောင်းနောက်မှ ခွေးဟောင်သံများစကြားရသည်။ မိုးပြဲဒယ်အိုးဘေးမှာ ကြောင်ပြီးရပ်ကြည့်နေသော သူမဆီသို့ သူဒုန်းပြေးကပ်လိုက်သည်။ အနားရောက်တော့ သူ သူမကိုငေးပြီးမှင်တက်နေမိသည်။ ယောဂီရောင်ဝမ်းဆက်လေးနှင့် တဖက်လျှိုဆံတုံးလေးကို ရိုးရိုးလေးထုံးထားသောသူမ။ လှရက်လိုက်တာကွယ်။ နောက် သူနားမလည်သောစကားတစ်ခွန်းကို မိုးသံကြားမှအော်ပြောလိုက်သံကြားမှ အောင်သာ သတိပြန်ဝင်လာသည်။ သူမ အစ်မကို အော်ခေါ်နေတာဖြစ်မည်။ မြန်မြန်လုပ်မှ။ သူမကိုယ်လုံးကျင်ကျင်လေးကို စွေ့ခနဲကောက်ပွေ့လိုက်ပြီး ခုန ထမင်းဟင်းထည့်လာသောတောင်းကြီးထဲသို့ပစ်ထည့်လိုက်သည်။ နာသွားလားမသိ၊ တွေးနေဖို့အချိန်မရှိ။ ကျောင်းပေါ်မှ ပြေးဆင်းလာသောခြေသံများကို မိုးသံတွေကြားထဲမှ သူပြတ်ပြတ်သားသားကြားလိုက်သည်။ ဆရာတော်ဘုရား၊ တပည့်တော်တော့ ကျောင်းပစ္စည်းခိုးရတော့မည်ဘုရား။ နောက်မှ ဆရာတော်ရိုက်ချင်သလောက်ရိုက်၊ တပည့်တော်ခံပါ့မည်။ ခုတော့ တပည့်တော် ပြေးပါပြီဘုရား။
ဝူးဝူးဝါးဝါး အော်ဟစ်ခေါ်နေသော သူမကိုပုဆိုးပိုင်းနှင့်အုပ်လိုက်ပြီး တောင်းကိုထမ်းကာ သူစည်းရိုးကို ပြန်တိုးထွက်လိုက်သည်။ ဆီးပင်ဆီးကိုင်းတွေက ခန္ဓာကိုယ်အနှံ့ရစရာမရှိအောင် ခြစ်မိစုတ်ပြဲစေနေခဲ့သည်။ နောက်မှ လူအော်သံများ၊ ခွေးဟောင်သံများကို မျက်ကွယ်ပြုရင်း သူဘဝသစ်တစ်ခု အစပြုဖို့ ဒူးလောက်နှစ်သော လယ်ကွင်းများကိုဖြတ်ကာ တောင်းတစ်လုံးထမ်းပြီး ပြေးထွက်လာခဲ့ပါတော့သည်...။ ။

ဒီလိုနဲ့ အဘိုးနဲ့အဘွား အိမ်ထောင်ကျရောဆိုပါတော့ဗျာ။ အဘွားအမကတော့ ရှက်လွန်းလို့ဆိုပြီး သီပေါပြန်သွားတာ လုံးဝကို အဆက်အသွယ်မရတော့ပါ။ ကျွန်တော်တို့လက်ထက်ကျမှ ဆွေမျိုးပြန်စပ်ရင်း အဲ့ဒီအဘွားဘက်က အမျိုးတွေနဲ့ ပြန်ချိတ်မိကြပါတယ်။ အဘိုးက အဘွားကို အရမ်းချစ်၊အရမ်းကြောက်ဆိုပဲ။ အဘွားမျက်နှာတစ်ချက်ပျက်တာနဲ့ နေစရာမရှိအောင်ပဲတဲ့လေ။ ဘာပဲပြောပြော၊ ကောင်မလေးများ သတိထားဖို့ပါ။ ပဲခူးသားများ ချစ်ရင်တယ်ကြောက်ဖို့ ကောင်းတာကလား...။ ။






ပြည်မှာသစ္စာ (ပထမဖိုးသင်္ကြန်)

၁၉၄၀ဝန်းကျင်
ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်
ကျွဲခေါင်းရွာ

မိုးကတဖွဲဖွဲရွာနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလဲ လျှပ်စီးရောင်တလက်လက်နှင့်။ ညသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိန်လင်းနေသည်။ ရှေ့မှ ပုဆိုးခါးတောင်းမြှောင်အောင်ကျိုက်ရင်း လယ်ကွက်တွေကို ခပ်သွက်သွက် ဖြတ်သန်းနေသော အကို့ကို ကြည့်ရင် ဖိုးသာမောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ တကယ်ဆို ဒီလိုကိစ္စမျိုးမှာ အကို သူ့သူငယ်ချင်းတွေကိုသာ ခေါ်သင့်သည်။ ပြောသာပြောရတာ၊ ဒီမိုးလေမျိုးနှင့် ဘယ်ကောင်မှအဖော်လိုက်ပေးနိုင်မှာမဟုတ်၊ သူသာအကို့ကို စိတ်မချ၍ မှိန်းဆွဲလိုက်လာခြင်းပေ။ အကိုကလည်း တဆိတ် လွန်လွန်းပါသည်။ နှစ်ဖက်မိဘတွေကိုယ်တိုင် နားဖောက်သဘောတူပြီးတာတောင်မှ စိတ်မချနိုင်သေး။ နောက်ပြီးသွားရမှာက တစ်ရွာကျော်က လူမိုက်ပေါလှပါတယ်ဆိုတဲ့ သခွတ်စောက်ရွာ။ သူတို့နှစ်ရွာက ကာလသားတွေကတစောင်းစေးနဲ့မျက်ချေး။ ထန်းတောလဲထန်းတောမို့၊ ဘုန်းကြီးပျံလဲဘုန်းကြီးပျံမို့ တွေ့မရှောင် ရိုက်နေကြ။ နောက်ပြီး ဖိုးသာမောင်နှင့်ထိုရွာသားတွေနှင့်က ဇာတ်လမ်းရှိသည်။
တကယ်တော့ သူရယ်၊ စောရှင်ရယ်က ဘုန်းကြီးကျောင်းမှာ အတူတူ ဒူးတုပ်စာအံခဲ့ကြတာလေ။ အထူးသဖြင့် ဆံမြိတ်ဝိုင်းဝိုင်းလေးနှင့် ဖြူနွဲ့နွဲ့ကောင်မလေး တရွာသူစောရှင်အတွက် သူက သူရဲကောင်းကြီးပေ။ ကျောင်းပေါ်မှာ စာအံနေတုန်း အောက်ထပ်က စောရှင်အသံစူးစူးကြားရလို့ကတော့ ရုတ်ခနဲထပြေးတာများ ဆရာတော်ရှေ့တောင်မရှောင်။ သူမကို အနိုင်ကျင့်တယ်များကြားလို့ကတော့ ကြီးကြီး ငယ်ငယ် ယောက်ျားသော၊ မိန်းမသောနားမလည်၊ တွေ့ရာနဲ့တီးပြီးသား။ ဒါကြောင့်လည်း ကိုရင်ကြီးတွေ၊ ကျောင်းသားတွေကပါ သူ့ကို နံမည်တစ်ခုပေးထားသည်။ ခွေးမောင်တဲ့လေ။ သဘောကတော့ စောရှင်ဆိုတဲ့ ကောက်ရိုးပုံကိုစောင့်တဲ့ခွေးပေါ့လေဗျာ။ သူ့အတွက်တော့ စောရှင်သည် ထိုစဉ်ကတည်းက သူငယ်ချင်းတစ်ယောက်ထက်ပိုနေခဲ့ပါသည်။ အချစ်ဆုံးအစ်ကိုဖြစ်သူက မြို့ကျောင်းရောက်နေချိန်မှာ သူမသည်သာ သူ့အတွက် တစ်ဦးတည်းသောဆွေမျိုး၊ မိတ်ဆွေ၊ မောင်နှမလေ။
နောက်အသက်အရွယ် ကြီးကောင်ပေါက်လာတော့လည်း သူ့အချိုးကပြောင်းမသွား။ ပွဲလမ်းသဘင်ရှိလို့ လိုက်မရှာနှင့်။ သူက သခွတ်စောက်ရွာသူတွေကြားမှာ၊ နောက်ကွမ်းတောင်ကိုင်မလေး စောရှင်ဘေးမှာ။ တခြားရွာမှ ကာလသားခေါင်းတစ်ယောက်က ကိုယ့်ရွာသူအုပ်ထဲမှာ ရောရောယောင်ယောင်ပါနေတာကို ဘယ်သကောင့်သားက ကျေနပ်နိုင်ပါ့မလဲလေ။ အထူးသဖြင့် သူကြီးတူဖိုးပေါက်ဆိုတဲ့တစ်ယောက်က အဆိုးဆုံး။ ဒီကောင်က မြို့မှဆန်စက်ပိုင်ရှင်တစ်ဦးဧ။်သားဖြစ်သော်လည်း ပေလွန်းဆိုးလွန်း၍ သူ့မိဘက ဘကြီးတော်သူ သူကြီးထံအပ်ထားရတာလေ။ ဒါလဲ ဒီကောင်က ရွာမို့ ရွာအလျှောက်ဆိုးတုန်းပေတုန်း။ သူ့ကိုယ်သူ သခွတ်စောက်ရွာ ကာလသားခေါင်းဆောင်ဘွဲ့ခံထားသေးသည်။ နောက်ဒီကောင်က စောရှင်လေးကို လိုက်ပိုးနေခဲ့သေးသည်။ နောက်ဖိုးသာမောင်ဆိုသော ဘီလူးစောင့်နေမှန်းသိ၍ ခပ်ကုတ်ကုတ် နောက်ဆုတ်သွားရသည်။ ဒါတောင် သကောင့်သားက အားအားရှိတိုင်း ရွာထဲမှ လူငယ်များကို သူနှင့် တည်ပေးလေ့ရှိသေးသည်။ သူကလည်း ဘယ်တော့မှငြင်းချက်ထုတ်နေသည့်ကောင်မဟုတ်။ ကြာတော့ သခွက်စောက်တစ်ရွာလုံးမှ လူငယ်တော်တော်များများနှင့် သူအငြိုးအတေးတွေ ဖွဲ့တည်လာခဲ့သည်။ ဒါလည်း သူမမူ။ သူ့အတွက် စောရှင်တစ်ယောက်နှင့်ပင် လောကကြီးသည် ပြည့်စုံခဲ့ပါသည်။ သို့သော်...
သူ့အသဲကို ခွဲယူမည့်သူသည် သူ့အချစ်ဆုံးအစ်ကိုဖြစ်နေမည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူး။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့ အဖျားခတ်၍ ကျောင်းတွေပိတ်တော့အကို ရွာပြန်လာသည်။ အစ်ကို စောရှင်ကို ဘယ်လိုတွေ့သည်၊ ဘယ်လိုမျက်စိကျသွားသည်ကို သူသေသေချာချာမမှတ်မိတော့။ အစ်ကိုက စောရှင်ကို သူ့မေတ္တာကို ကိုယ်စားပြောခိုင်းတော့မှ လူမိုက်ကြီးဖိုးသာမောင်တစ်ယောက် ဖင်ထိုင်လဲမတက်ဖြစ်သွားခဲ့သည်။ အခြားတစိမ်းတစ်ယောက်ကများ ဒီလိုပြောလာခဲ့လျှင် သူတခုခုနှင့် ကောက်ရိုက်လိုက်မိပေမည်။ ခုလည်း သူ့မျက်လုံးထဲမှာ အစ်ကို့က တစိမ်းတစ်ယောက်ဖြစ်သွားလိုက်၊ အစ်ကိုတစ်ယောက်ပြန်ဖြစ်သွားလိုက်နှင့်။ စိတ်ရိုင်းကို မလွန်တက်လာအောင် အစ်ကိုကို အတက်နိုင်ဆုံးလိမ်ညာထားလိုက်ပြီး ထန်းတောဖက်သို့ထွက်လာလိုက်သည်။ ထန်းရည်ကို ပတ်လက်လန်အိပ်သောက်ရင်း သူငယ်ချင်းရောင်ရင်းတွေကို ရင်ဖွင့်မိတော့ သူတို့တွေလဲ ငိုင်ကုန်သည်။ နောက် အောင်ရှိန်က ကိုယ်ကအရင်ဖွင့်ပြောလိုက်ဖို့အကြံပေးသည်။ ဟုတ်တော့လည်းဟုတ်သည်၊ သူ စောရှင်ဘေးမှာ ရပ်နေခဲ့တာနှစ်ပေါင်းနှစ်ဆယ်ခန့်ရှိနေပြီ။ သူငယ်ချင်းနှစ်ယောက်ထက် ဘယ်တုန်းကမှ မပိုခဲ့စဖူး။ ဖွင့်မပြောပဲနှင့် ဘယ်မိန်းကလေးကများ ပြန်စဉ်းစားမှာတဲ့လဲ။ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး သူငယ်ချင်းတွေကို ထန်းရည်အမူး ဒါကာခံလိုက်သည်။ ထိုနေ့က ထန်းရည်ခါးသည် အလွန်ချိုမြနေခဲ့သည်။
တကယ်တမ်းဖွင့်ပြောဖို့ဆိုတော့ တုတ်ကိုင်၊ဓားဆွဲခဲ့သောသတ္တိတွေ ဘယ်ရောက်ကုန်မှန်းမသိ။ သူမရှေ့ရောက်တိုင်း ကျားရှေ့ရောက်သွားသည့် ယုန်လေးတစ်ကောင်လို သူရင်တွေ တဆတ်ဆတ်ခုန်လို့။ အရင်သူငယ်ချင်းလိုနေခဲ့စဉ်ကလိုပင် သူမမျက်နှာကို ရဲရဲမကြည့်ရဲတော့။ သူဘာတွေဖြစ်နေသနည်း။ ဘေးကသူငယ်ချင်းများက အားမလိုအားမရဖြစ်နေကြသည်။ အဲဒီအချိန်မှာ အစ်ကို့ဘက်မှ ကြိုးစားမှုရလဒ်တွေကလည်း သူ့ကို စွံ့အစေခဲ့သည်။ မြို့အုပ်၊ အရေးပိုင်အနည်းဆုံးဖြစ်နိုင်လောက်သော ပညာအရည်အချင်း၊ သန့်ပြန့်သောရုပ်ရည်၊ တည်ကြည်သော ပြောဆိုဟန်တွေက စောရှင်ဧ။် ရင်ကို လှုပ်နှိုးနေဟန်ရှိသည်။ နောက်ဆုံး သူ့အတွက် တိကျသောအဖြေတစ်ခုရမည့်နေ့သို့ ဆိုက်ရောက်လာခဲ့သည်။
စောရှင်ကို သွားတောင်းတော့ ညီတော်မောင်ကာလသားခေါင်းကို အားကိုးတကြီး အစ်ကိုကခေါ်ရှာသည်။ သူမလိုက်ချင်၊ ဘယ်လိုမှလဲငြင်းလို့မရနိုင်။ စောရှင်ကလည်း ဖိုးသာမောင်ကိုခေါ်ခဲ့လို့ပြောသည်တဲ့။ သူ့အတွက် ပြေးလမ်းမရှိတော့။ ထုံးတမ်းစဉ်လာအတိုင်း လူကြီးအချင်းချင်းစကားတွေ ပုလ္လင်ခံနေချိန်မှာ သူ စောရှင်ကို ငူငူကြီးငေးကြည့်နေမိသည်။ သူမကတော့ သူ့ကို မကြည့်၊ စိတ်လှုပ်ရှားနေဟန်နှင့် ခေါင်းငုတ်ပြီး မြတ်ဖျာကို လက်ချောင်းလေးနှင့် ခြစ်ပြီး တစုံတခုရေးနေဟန်တူသည်။ သူအာရုံစိုက်ပြီး လိုက်ဖတ်ကြည့်လိုက်တော့ သူမဧ။်လက်ချောင်းများပုံဖော်ထားသော သူ့အတွက်အဖြေစကားကို သူရရှိခဲ့သည်။ သူ့နှလုံးသားအစုံလိုက် ကြမ်းပေါက်မှတစ်ဆင့် အောက်ထပ်မှနွားစားခွက်ထဲသို့ ပြုတ်ကြသွားသလို ဖြစ်သွားသည်။ကိုသာအောင်တဲ့လေ။
ထိုနေ့ စေ့စပ်ပွဲအထိမ်းအမှတ် အစ်ကိုက ကာလသားတွေကို ထန်းရည်လိုက်တိုက်သည်။ သူ ဘယ်လောက်သောက်လို့ ဘယ်လောက်တောင်မူးသွားသလဲပင် မမှတ်မိတော့။ သတိရ၍ သူငယ်ချင်းတွေပြောပြမှ သူမူးပြီး အစ်ကို့ကိုဖက်ငိုကြောင်း၊ စောရှင်လေးကို အပ်ပါတယ်ဆိုတဲ့စကားကို အပ်ကြောင်းထပ်မတက် အော်ပြောနေကြောင်း သိခဲ့ရသည်။
မိုးကပိုသည်းလာခဲ့ပြီ။ ဒီရာသီဥတုနှင့် စောရှင် အစ်ကို့ကို ဆင်းတွေ့လာနိုင်ပါ့မလား။ အအေးမိသွားတော့မှာပါပဲနော်။ အစ်ကိုကတော့ ဒါတွေတွေးမိဟန်မတူ။ ချစ်ဇနီးလောင်းလေးနှင့် တွက်တီးတွက်တာပြောဖို့အရေး ဗွက်အပြင်ပြင်ကို ရုန်းကာ အပြင်းချီတက်နေသည်။ သူပြုံးလိုက်မိသည်။ သူစောရှင်ကို အစ်ကို့ကိုအပ်လိုက်တာမှန်သွားသည်ဆိုတာ ငြင်းမရ။ သူတို့နှစ်ယောက်သွားလေရာ လူကြီးတွေက သူ့ကို ထည့်သည်။ သူတို့ကလဲ ဘယ်သွားသွားဘာလုပ်လုပ် ဖိုးသာမောင်ကို တိုင်ပင်သည်။ အရင်လူမိုက်ကြီး ကောက်ရိုးပုံစောင့် ခွေးမောင်ဘဝကို သိထားသောသူများက သူတို့ သုံးယောက်ကိုတွေ့လျှင် တီးတိုးသဖန်းပိုးပြောကြသည်။ ဘေးမှာ သက်တော်စောင့်ဘီလူးတစ်ကောင်လို မျက်နှာထားတည်တည်ကြီးနှင့် နေလေ့ရှိသောသူ့ကို ရယ်ရယ်မောမော ဟာသပြတ်လုံးတွေထုတ်နေတာ မြင်တော့ နှာခေါင်းရှုံ့ကြသည်။ ထားပါလေ၊ သူတို့အတွက် အချစ်ဆိုတာသည် ပိုင်ဆိုင်မှုသက်သက်လို့သာ ထင်နေကြသည်ကိုး။ ဟိုကောင် ဖိုးပေါက်ကတော့ သူ့ကို တွေ့တိုင်း ထေ့ငေါ့သောစကားများဖြင့် တိုက်ခိုက်လေ့ရှိသေးသည်။ ကိုယ့်ရွာသူကွမ်းတောင်ကိုင်ကို တခြားသူစိမ်းတစ်ယောက်က သိမ်းပိုက်တော့မည်ဆိုသည်ကို လက်မခံနိုင်သေးပုံရသည်။ သူ့ကိုကြောက်၍သာ အစ်ကိုဖြစ်သူကို ပြဿနာမရှာခြင်းဖြစ်ပေလိမ့်မည်။
နှစ်ယောက်သား သခွတ်စောက်ရွာ စည်းရိုးကိုရောက်တော့ တုန်နေအောင်ချမ်းနေပြီ။ ရွာလည်လမ်းမှ ဝင်လို့တော့မဖြစ်။ ထို့ကြောင့် စည်းရိုးတစ်လျှောက် လယ်ကွက်များကိုဖြတ်လျှောက်ရင်း စောရှင်တို့ အိမ်နောက်ဖက်အရောက် ပတ်လာခဲ့ကြသည်။ တစ်အိမ်လုံး မှောင်မဲနေသည်။ အစ်ကိုက ဇွဲမလျှော့သေးဘဲ ခြံစည်းရိုးအဖြစ်ကာထားသော ရှားစောင်းပင်ရှည်ကြီးများကို ဓားနှင့်ရမ်းပြီး ဝင်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း အဖြစ်အပျက်တွေအများကြီးဖြစ်သွားသည်။ ပထမဆုံးမြင်လိုက်သည်က သူဖြစ်သည်။ သတိကိုကပ်ထားသဖြင့် ဘူးစင်အောက်မှ ဖွေးကနဲလက်သွားသော ဓားရောင်ကိုတွေ့လိုက်သည်နှင့် ရှေ့မှာသွားနေသောအစ်ကို့ကို လှမ်းဆွဲလိုက်သည်။ ဓားချက်က သီသီကလေး ဘေးမှလွတ်သွားသည်။ လှမ်းဆွဲလိုက်သော သူ့လက်မှာ နှစ်လက်မခန့်ဓားချက်ထိသွားသည်။ အိမ်ပေါ်မှလဲ ဆူဆူညံညံအသံတွေကြားရသည်။ သူ့သွေးတွေဆူပွတ်ကုန်သည်။ ဘယ်သူတွေလဲ၊ ငါတို့ကို မှောင်ရိပ်ခိုလုပ်ကြံတာ။ စောရှင်ကော၊ ဘယ်လိုဖြစ်နေမှာလဲ။ အစ်ကို့ကို အိမ်အောက်ဘက်သို့ တွန်းလွှတ်လိုက်ပြီး ပေါ်လာသော ဓားလှံချက်များကို အပြင်းထန်ဆုံးပြန်လှန်တိုက်ခိုက်လိုက်သည်။ အများနဲ့တစ်ယောက်။ နောက် အမှောင်ထဲမှာ။ သူ့ခြေထောက်မှ ရွံ့နှစ်တွေကလည်း သူ့ကို လှုပ်ရှားရခက်နေစေသည်။ နောက်ဆုံး ရေနံဆီမီးအိမ်များလင်းလာပြီး လူတွေပြေးဆင်းလာတော့ သူ့တစ်ကိုယ်လုံးမှာ ဓားဒဏ်ရာဗလပွ။ ဝတ်ထားသည့် ဖျင်ကြမ်းတစ်ထည်လုံးလည်း ရစရာမရှိအောင် စုတ်ပြဲနေခဲ့ပြီ။ တအိအိနှင့်ပြိုလဲသွားသောသူ့ကို အစ်ကိုကပြေးထိန်းလိုက်သည်။ သူ့ကိုသူသိသည်၊ သူသေရတော့မည်။ သွေးပွတ်ပွတ်လျှံကျနေသော ပါးစပ်မှ အတွေ့ချင်ဆုံးလူတစ်ယောက်ကို သူတမ်းတမ်းတတခေါ်လိုက်ရင်း သူဇက်ကျိုးကျသွားသည်။ အော်ငိုလိုက်သံတစ်ခုကိုတော့ နောက်ဆုံးသူကြားလိုက်သေးသည်။

စောရှင် မင်းငါ့အတွက် မျက်ရည်မကျရဘူး။ ငါပြန်လာခဲ့မယ် စောရှင်။...


အဲဒီနေ့က အဘွားတို့အိမ်ကို ဓားပြဝင်နေတာလေ။ အဘိုးတို့ညီအစ်ကိုက ကံဆိုးချင်တော့ အောက်ကလက်ထောက်ချထားတဲ့အဖွဲ့နဲ့ တည့်တည့်ကြီးတိုးမိတာ။ အဘိုးလေးဖိုးသာမောင် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပေါ့။ ဒါပေမယ့် သူကတိတည်ပါတယ်။ အဘိုးနဲ့အဘွားတို့ရဲ့ ဒုတိယမြောက်သားလေးမှာ မွေးရာပါ ဓားဒဏ်ရာလိုအမှတ်ကြီးပါလာတယ်။ နောက်စကားပြောတက်တော့လည်း သူဟာ ဘိုးလေးသာမောင်ဖြစ်ကြောင်း အထောက်အထားတွေနဲ့ပြန်ပြောနိုင်ခဲ့တယ်။ ရွာကလူတွေကတော့ အဘိုးလေးကို သိပ်သနားနေကြတာပေါ့လေ။ အဲဒီကလေးဟာ ဘယ်သူလဲသိလား။ ကျွန်တော်မောင်ဖိုးသင်္ကြန်ရဲ့ မွေးသဖခင် ကျေးဇူးရှင်ကိုယ်တိုင်ပါပဲခင်ဗျား...။ ။





ဖိုးသင်္ကြန်