ငပေငဆိုး ဖန်သကြိုး




ကာလ(၁)


မွေးတော့ သင်္ကြန်တွင်းကြီးဖြစ်သည်။ အဲဒီညက အိမ်မှာ မုန့်လုံးရေပေါ်လုံးနေကြသည်။ မွေးရက်က စေ့နေပြီ၊ ဗိုက်ကမနာသေး။ နာမယ့်နာတော့ မုန့်လုံးနေရင်းနာသည်။ အိမ်မှာ ယောကျာ်းသားမရှိ၊ အနီးအနားလက်သည်မရှိ။ ပြေးပေရော့ ပဲခူးဆေးရုံ။ နီးစပ်ရာသုံးဘီးငှား၊ (ထိုစဉ်က ပဲခူးတွင် သုံးဘီးတွေရှိသေးသည်) ဆေးရုံပြေး၊ ဟိုရောက်လို့ အူယားဖားယား ပြေးဝင်လာတော့ ဆရာဝန်မတွေ မျက်လုံးပြူးကုန်သည်။ အပျိုဗိုက်၊သားဦးဆိုပြီး အမေကလည်း အသားကုန်အော်သည်။ အကုန်လုံးဝိုင်းအုံလာပြီး လက်အိတ်တွေစွပ်၊ ပြင်ကြဆင်ကြစဉ် ဗိုက်ထဲကဖိုးသင်္ကြန်က ပြန်အိပ်သွားသည်။ ကဲကဲ၊ မXX မမွေးလောက်သေးဘူး၊ ပြန်ချေဦးဆိုတော့ သုံးဘီးနဲ့ပဲ တပ်ပြန်ခေါက်လာကြသည်။ အိပ်နားက ဓမ္မာရုံရှေ့ ဗွက်အိုင်ကိုကားနင်းလိုက်တာ နောက်တစ်ခါ ဗိုက်ထပ်နာပြန်သည်။ အိမ်ထဲတောင် မဝင်နိုင်၊ အမေအော်တာနှင့် ရပ်ကွက်ထဲကလူတွေ နိုးကုန်ပြီး ထကြည့်ကြသည်။ ဒုတိယမ္မိ ဆေးရုံပြန်သွားရပြန်သပေါ့။

ဟိုရောက်တော့ အကောင်း...။ ဗိုက်နာတာ ဝမ်းသွားချင်လို့များလား... ဆရာဝန်မလေးများက အိမ်သာသွားခိုင်းသည်။ ဟုတ်သည်၊ ကိစ္စရှင်းလိုက်ပြီးမှ တော်တော်ပေါ့သွားပြီ။ ဒီလိုနဲ့ အားလုံးကိုနှုတ်ဆက်တောင်းပန်ပြီး ပြန်အထွက် ဆေးရုံဝမှာ တစ်ခါထပ်နာပြန်သည်။ ခေါက်တုံ့ခေါက်ပြန် ဝင်လိုက်ထွက်လိုက်လုပ်နေသော လူအုပ်ကြီးကို ဆေးရုံတစ်ခုလုံးက မြင်ပြင်းကပ်နေကြပြီ။ (ပဲခူးမှာ အမျိုးအလွန်ပေါပါသည်။ မယုံလျှင် နံမည်၊ နေရပ်ပြောပါ။ ဆွေမျိုးစပ်ပြပါမည်) ဆရာဝန်တွေလည်း လက်အိတ်ချွတ်လိုက်၊ ပြန်ဝတ်လိုက်နှင့်မို့ တော်တော်စိတ်ညစ်နေကြပြီ။ ဒါနဲ့ပဲ မွေးလူနာကို မပြန်ခိုင်းတော့ပဲ မရရအောင် ဝိုင်းမွေးလိုက်ကြရပါတော့သတဲ့...။ ။


ကာလ(၂)

အဖေ့နေရပ် ပြည်ကိုပြန်တော့ အဒေါ်အပျိုကြီးနှင့် အမဝမ်းကွဲတို့လိုက်လာကြသည်။ ငယ်ငယ်က တော်တော်ချူခြာ၏။ တက်လိုက်သည်ကလည်း တနေ့ ၁၄၊ ၅ခါ။ တောကအဖွားကဆိုလျှင် ဒီကလေး အသက်ကြီးရင် ဥာဏ်ရည်မှီပါ့မလားဟုပင် စိုးရိမ်စကားဆိုသည်ဟူသတက်။ ဒီကြားထဲ အဖြူဝတ်တချို့၏အစွမ်းကြောင့် တီဘီဆေးတွေ မှားကျွေးမိပြီး သေမလိုဖြစ်သေးသည်။ စကားကလည်း ၂နှစ်အထိမပြော။ ရှေ့မှာမျိုးစုံလုပ်ပြလည်း ဂရုမစိုက်၊ တွေ့ရာပစ္စည်းကောက်ကာ ကိုက်ဝါးကြည့်သည်။ အိမ်မှာရှိသမျှ လက်လှမ်းမမှီအောင် ဖွတ်ထားကြတော့ ကိုယ်ပိုင်သည့်လက်မ ကိုယ်ပြန်ကိုက်သည်။ လက်မကို ခါးသက်တာတွေသုပ်ထားပြန်လျှင်လည်း စုပ်ပြီးထွေးထုတ်သည်၊ ပြီးတော့ ဆက်ကိုက်သည်။ နောက်ဆုံး လည်ပင်းမှာ ရာဘာနို့သီးခေါင်းကို ဆွဲပေးထားမှ ကိစ္စအေးတော့သည်။

မပြီးသေး...။ လမ်းလျှောက်တက်တော့ ခြေဦးတည့်ရာ လျှောက်သွားသည်။ တံခါးဖွင့်ထားလျှင် အိမ်ရှေ့ထွက်သည်၊ ပိတ်ထားလျှင် ခြံထဲလျှောက်သွားသည်။ စပ်စပ်စုစုကလည်းရှိသေး၏။ အိမ်ရှေ့လာဖွင့်သော စက်ဘီးပြင်ဆိုင်ဆိုလျှင် ဖိုးသင်္ကြန်ထွက်လာလျှင် အသက်မရှူရဲ။ တခါလည်း စက်ဘီးဂီယာအုံထဲ လက်ငါးချောင်းလုံးထိုးထည့်မိလို့ အဒေါ်အပျိုကြီး မူးမေ့လဲမလိုဖြစ်ရသေးသည်။ အိမ်ရှေ့မြောင်းထဲ ခေါင်းစိုက်ကျတာလည်း ခဏခဏ။ အဖေသောက်သည့် ဘီယာခွက်လည်း ဝင်မော့မိလို့ ဝိုင်းနှာနှပ်ယူရသေးသတဲ့။

အဲ... သူများကိုတော့ ဒုက္ခမပေးတက်။ ရပ်ကွက်ထဲမှာ အသံမထွက်ဆုံးကလေးဖြစ်သည်။ ဘယ်လောက်နာနာ မငို။ အသံမထွက်လွန်း၍ အများအနေလားဟု ထင်ခဲ့ကြသေးသည်။ သို့သော် သီချင်းတော့ကြိုက်သည်။ စိုင်းထီးဆိုင်မှ မဖွင့်ပေးလျှင် မအိပ်။ Aဆိုဒ်မှ Bဆိုဒ်ပြောင်းလျှင် နိုးသည်။ နိုးတာနှင့် ပုခက်ထဲကဆင်း၊ ခြေဦးတည့်ရာသွား၏။ ထိန်းသည့်အမခမျာ ထိုင်တောင်ငိုယူရသည်။


ကာလ(၃)

အလတ်မ မွေးပြီးတော့ ပဲခူးကိုပြန်နေကြရသည်။ တလမ်းလုံးက အမျိုးတွေ။ ပူပူပင်ပင် ထိန်းစရာမလို၊ နိုးတာနှင့် ခေါင်းရင်း ဆေးလိပ်ရုံထဲပို့ထားလိုက်ကြသည်။ ကြုံတဲ့လူ ကြည့်ထားပေးယုံသာ။ ဒါတောင် ရှေ့ကပဲခူးမြစ်ထဲဆင်းတာ ကမ်းနားကလူတွေဖမ်းထားလို့ မနှဲလေးမောင်၊ ၃၈မင်းမဖြစ်ခဲ့ရ။ ညကျတော့ လာခေါ်သည့် အကိုအမ၊အဒေါ်ဦးလေးတွေနှင့် ရွှေဟင်္သာရုံသွား ရုပ်ရှင်ကြည့်ကြသည်။ ကျွေးတာအကုန်စားသည်၊ လာကျွေးသောပီကေစားပြီး ရှေ့ကလူဆံပင်သွားကပ်၍ အကိုတွေနှင့် စကားများကြရသေး၏။

ထိန်းမရသောအချိန်က ဆံပင်ညှပ်ချိန်ဖြစ်၏။ အိမ်မှာ အဒေါ်က ဒူးနှစ်လုံးနဲ့ညှပ်ထားပြီး ညှပ်ပေးရသည်။ အဒေါ်မရှိလျှင် ဘယ်သူမှ ညှပ်မရ။ ထွက်ပြေးသည်၊ မိလို့ညှပ်ပေးလျှင် ငြိမ်ငြိမ်မနေ၊ ခေါင်းကိုခါသည်၊ တွန့်သည်၊ လှည့်သည်။ ကပ်ကြေးဦးနှင့် ထိုးမိမည်စိုးသည်နှင့် နောက်ပိုင်း ဆံပင်ညှပ်မပေးရဲကြတော့။

မူကြိုပို့ဖို့လုပ်ကြသည်။ မူကြိုအဝရောက်တာနှင့် အသံဗြဲနှင့်ငိုသည်၊ မြေပြင်ပေါ်ထိုင်ချ၊ ခြေနှစ်ချောင်းစုံကန် ကန်ပြီး အော်သည်။ ဆရာမတွေ ခြောက်လဲမကြောက်။ ဒါနဲ့အိမ်ပဲ ပြန်ခေါ်လာကြရသည်။ နှစ်ခါ၊ သုံးခါမြောက်မှာ အိမ်ကဆိုက်ကားပေါ်တင်ပြီး လွှတ်လိုက်သည်။ ဟိုရောက်တော့ ငိုပြစရာလူမရှိ၍ မငိုတော့။ တက်တာနောက်ကျ၍ မြန်မာလိုဝလုံးအစ မသင်ခဲ့ရ၊ အေဘီစီဒီ၊ ဘလက်အိုင်ဇူးစမ် ရောက်နေပြီ။ ဒီကြားထဲ အရေးအခင်းက ဖြစ်နေပြီ။ ပဲခူးတံတားကို ပိတ်၊ ပစ်ကြခတ်ကြချိန်မှာ မူကြိုတက်နေတာက ဟိုဖက်ကမ်းမှာ။ ကြိုပို့လုပ်ပေးသည့် ဆိုက်ကားဆရာ ဘယ်လိုနင်းလာသည် မသိ။ အိမ်ရောက်တော့ ပူဆာဝယ်ခိုင်းထားသော ထီးကောက်ကြီးရဲ့အရွက်တွေမှာ ကျည်ရာဗလပွ။


ကာလ(၄)

ရန်ကုန်၊ မရမ်းကုန်း အမက(၁၇)မှာ သူငယ်တန်းစနေ၏။ သူများသားသမီးတွေလို မူကြိုမတက်ခဲ့ရ၊ နောက်ပြီး ၈၈ကြောင့် တစ်နှစ်အောက်တွေကြားမှာ ပိန်ကပ်ကပ်ပေတေတေ။ ဝလုံးကို အဲဒီကျမှ မြင်ဖူးသည်။ ဒါတောင် အက္ခရာတော်တော်များများကို ဘိလပ်စတိုင် လက်ဝဲရစ်ပဲရစ်တက်သည်။ ဆရာမသင်ပေးလည်း မမှတ်ထားမိ။ အိမ်ကမှာထားသေး၏၊ မသိရင်ထမေးရမယ်တဲ့။ ထို့ကြောင့် ခဏခဏထမေးသည်။ ဝလုံးကို ဘာလို့ အများကြီးဝိုင်းခိုင်းတာလဲ၊ နငယ်ကို မသင်လို့မရဘူးလား.... ဘာညာပေါ့။ နောက်ဆုံး ဆရာမက အမေ့ကို ခေါ်ပြောခဲ့ရ၏။ ရှင့်သားကို အိမ်မှာ နည်းနည်းပြန်ရှင်းပြပေးပါ၊ ကျွန်မတစ်ယောက်တည်း မရှင်းနိုင်တော့ဘူး ဆိုသတဲ့။

မုန့်စားကျောင်းဆင်းလျှင် မုန့်မြန်မြန်စား၊ ပြီးလျှင် ကျောင်းပတ်ပတ်လည်ကို ရှာဖွေရေးဆင်းသည်။ ဘော်ဒါအပေါင်းအသင်းများနှင့် ကျောင်းနောက်က တွင်းတွေလိုက်နှိုက်ပြီး ကြွက်ဖမ်းကြ၏။ ချတမ်းဆော့ကြသည်။ တခါမှာ သူငယ်ချင်းကို နပန်ကျင်းလိုက်တာ မေ့သွားလို့ မိဘခေါ်လိုက်ရသေးသည်။

၁တန်း ၂တန်းရောက်တော့ ကြိမ်လုံးဆိုတာ ဘာလဲ၊ ဒဏ်ပေးတယ်ဆိုတာဘာလဲ သိလာပြီ။ အားလုံး မြည်းစမ်းဖူးသည်။ မြည်းသည်ဆိုသည်ထက် အဝစားသည်ဆို ပိုမှန်မည်။ စာမေးတာမရရင် အရိုက်ခံရမယ်၊ အိမ်စာမပြီးရင် အတန်းရှေ့ နားရွက်ဆွဲထိုင်ထလုပ်ရမယ်၊ စကားများလို့ နံမည်မှတ်ခံရရင် ခုံပေါ်တက် မတ်တက်ရပ်ရမယ်၊ ဂုံးပိုးအစီးခံရမယ်၊ -င်ချွတ်အရိုက်ခံရမယ်၊ အတန်းစဉ်လှည့်ပြီး ကျွန်တော်စာမရလို့ပါခင်ညာလို့ လိုက်ကြေညာရမယ်....Etc။ အိမ်ရောက်လျှင် အမေတို့က ဆီးကြိုမေးသည်မှာ ထုံးစံတစ်ခု။ ငါ့သား ဒီနေ့ဘယ်နှစ်ချက်လဲတဲ့ ( အရိုက်ခံရတာ)။

ကြာတော့ အတွေ့အကြုံရင့်ကျက်လာခဲ့ပြီ။ အားနှင့်လွှဲရိုက်ချိန် ထိခါနီးမှာ ဒူးမသိမသာကွေးပေးလိုက်ခြင်း၊ လက်ဝါးကို ဖော့ချပေးလိုက်ခြင်း (ပြောရင်တော့ လွယ်ပါတယ်ဗျာ။ တကယ်တမ်း ဆရာမ မရိပ်မိအောင် မသိမသာလုပ်ဖို့ကတော့ မလွယ်လှဘူးခင်ဗျ)၊ အိမ်စာစာအုပ်ကို ကျောင်းရောက်တာနဲ့လိုက်ကူးပြီး နောက်ဆုံးမှထပ်ခြင်း၊ မကျေနပ်တဲ့လူ နံမည်မှတ်နိုင်ပြီး စိတ်ကြိုက်လေပွားနိုင်သော မော်နီတာကောင်လုပ်ခြင်း၊ ခုံတန်းအလိုက် တစုစီစာအလွတ်ဆိုပြရလျှင် စည်းချက်ညီညီ ပါးစပ်လှုပ်ရှားခြင်း၊ တယောက်တလှည့်စာမေးခိုင်းလျှင် အချင်းချင်းညှိထားခြင်း၊... ။ ဤအမျိုးမျိုးသော လှည့်ပတ်နည်းများကို အ.မ.ကအဆင့်၌ ကျေလည်စွာ သင်ကြားခဲ့လေ၏။


တော်ပြီဗျာ...။ ခုလောက်ရေးတာနဲ့တင် ဖိုးသင်္ကြန် ဘယ်လောက်ဗီဇအစွမ်းရှိတယ်ဆိုတာ တွေးကြည့်လို့ရလောက်ပြီ ထင်ပါရဲ့။ ဆက်မရေးတော့ဘူးနော့်။




ဆိုးပေဆဲ
ဖိုးသင်္ကြန်



Photo : Taken from Flickr & edited (not me)

19 comments:

kaungkinpyar said...

သေချာသွားပါပြီ မောင်လေး သင်္ကြန်....
ဘုန်းကြီး ၀တ်ဖို့သာ စဉ်းစားထားလိုက်ပါတော့..နောက်ထပ် ဆက်ရေးရင်လဲ ကိုယ့် ပေါင်ကို လှန်ထောင်းတာကမှ ဟုတ်တုတ်တုတ်ပဲ..ခုလောက်ရေးတာတောင် အိုင့် တူမ တွေ ကို ဖွက်ထားလိုက်ပါပြီ...သမီးဆို ဝေးပါရောလားးးးး
ဒါနဲ့ BTw မေလေး နဲ့ ရော အမျိုးတော်လားဟင်...အမျိုးဖြစ်ရင် ဖြစ်နေမှာ စပ်ကြည့်ဦးးးး

ဖိုးသင်္ကြန် said...

အင်းနော်... ငယ်ငယ်က တော်တော်ဆိုးတာ
ခုတော့ နည်းနည်းလေး အလိုက်အထိုက်ပဲ ဆိုးတော့တာပါ။
ကျွန်တော် လက်မလဲမကိုက်တော့ပါဘူး။
တွင်းတွေလဲ လိုက်မနှိုက်တော့ပါဘူး။
စိတ်ကူးမလွဲပါနဲ့အမရယ်။
ရှိတာလေးတွေ (တူမတို့၊ညီမတို့ပြောပါတယ်) ထုတ်ပြပါ။
ကျွန်တော် ရွေးကြည့်တာပေါ့။

အဟီး

ဆောင်းနှင်းရွက် said...

ငယ်ငယ်က လိမ္မာတဲ့
အကြောင်း တွေ ရေးထားတာကို ...

ငယ်ငယ်ကတည်းက ဘီယာ သောက်တဲ့
ဗီဇ လေး ကလည်း ပါ လာသကိုးးးကွဲ့ ..
မှားတာက နဲနဲ
သောက်ချင်တာက များများ ..

ဆက်ရေးး
ဆက်ရေးး
အ.လ.က နဲ့ အ.ထ.က မှာ ဖြစ်တာတွေပါ
ဆက်ရေးးး ..
ဒါမှ အကြောင်းစုံ သိရလို့
မကောင်းကင်ပြာ က သူရဲ့ တူမ တွေ ကို
ပြန်ထုတ် ပေးရင် ပေးနေမှာ ..

မြရေလျဉ် said...

ဒါတောင် ဂျီတီစီက အကြောင်းတွေ မပါသေးဘူးနော်
ဖန်သွားကျိုး
ပြောလိုက်စမ်းဘာ
ပြောပြလိုက်စမ်းဘာ

မိုးခါး said...

တော်သေးတာပေါ့ ဖန်သကြိုးရေ
အကောင်းအတိုင်းလေး ရှိသေးလို့
အပိုင်းနှစ်မှာတည်းက တော်တော်စွန့်စွန့်စားစား

ခရောင်း said...

မူလတန်း အလယ်တန်းနဲ့ အထက်တန်း နောက်များ တက္ကသိုလ် ဆက်ရန်တွေ ရှိသေးတယ်လေဗျာ။ ငယ်ဘဝက ဆိုးနေဆဲ မိုးရေတွေထဲ ဂွသွားပီးကပ်နေတဲ့ ဂျိုးလဲရေရွှဲ.......... အော် မှားကုန်ပီ သီချင်းတွေ ဆိုမိနေပီ။
လုပ်ပါအုံး ငယ်တုန်းကဆိုးခဲ့သလောက် ခုလဲ ပိုးနေဆဲ အလွဲလေးများ ဇာတ်လမ်းလုပ် ပိုစ်တပုဒ်လောက် တင်ပါအုံးဗျ ကိုကြီးရ။ :P

WWKM said...

ပထမအပိုဒ် ဖတ်ပြီးကတည်းက မမွေးခင်ကတည်းက တော်တော် ဆတ်စလူးထမယ့်ဖိုးသင်္ကြန်လို့ ထင်မိလိုက်တယ်.း) စတာနော် အတည်မဟုတ်ဖူး..

အားလုံးဖတ်ပြီးမှပဲ သြော်...တော်တော် တော်တဲ့ ကလေးတစ်ယောက်ပဲ အတုယူစရာတွေ အများသားလို့
အထင်ကြီးသွားသေး.. :D ( စတာ နော်.. အတည်မဟုတ်ဖူး)

ဒါပေမယ့် လက်ရှိရုပ်ရည်ကလေးကတော့ အေးအေးဆေးဆေး တည်တည်ကြည်ကြည်နေတတ်မယ့် ရုပ်ရည်ကလေးပါပဲ.. ( အတည်ပြောတာနော်. စတာမဟုတ်ဖူး)ါ်ဏ


ခင်မင်စွာနဲ့

မကြီးဝါ

WWKM said...

အဟဲ..နောက်ဆုံးက တိုက်ပင်မှားသွားတာ. အီးဖောင့်နဲ့မရိုက်ပဲ မြန်မာဖောင့်နဲ့ ရိုက်မိသွားလို့.
(ါ်ဏ) အဲလိုမဟုတ်ဖူး တကယ်က ဒီလို :P

ဏီ(န်)ကင်း said...

အရည်အချင်းတွေ..အရည်အချင်းတွေ...
လေးစားတယ်ဗျာ...တကယ်ပါ...
ကြုံရင်သားကိုလဲ....လက်ဆင့်ကမ်းပါဦး..
ငယ်ငယ်တည်းကဒီလောက်လက်သွက်ခြေသွက်မှတော့
အခုဆို..တွေးကြည့်တာနဲ့တင်ကြည်ညိုလွန်းလို့...

သင်ပေးနော်....;akdjfaidfjas;dkf ;j တွေ...
သားကအတွေ့အကြုံနုလို့ပါ

မေဇင် said...

လိမ္မာလိုက်တာ...။

mtj said...

အကိုကတော့ ငယ်ငယ်ကလိမ္မာတယ် ကြီးမှမိုက်တာ :P
မောင်သဂျန်

သီဟသစ် said...

အော
ဖိုးသင်္ကြန်တို့ တောက အဖွားပြောတာများ မှန်လိုက်တာ
:)

ပုလုကွေး said...

ဆက်ရေးပါဗျာ အတုယူစရာလေးတွေ ဖက်ချင်လို့. University ဘဝ စလုံး ဘဝတွေကိုပေါ့

မေသူ said...

ဒီလောက်လိမ္မာလှတဲ့ ဦးလေးကြီးမှန်း ခုမှသိတော့တယ်...

khin oo may said...

88 မှာ သူငယ်တန်းကိုး။

khin oo may said...

တော်ပါသေးရဲ့။ဒီလိုဟာမျိုးလေး မမွေးမိတာ.။

ကြည်ဖြူပိုင် said...

ဟဲဟဲ ငါလဲငယ်တုန်းက စကားများတဲ့လူကိုနာမည်မှတ်ရတာ အရမ်းပျော်တာ
မကျေနပ်တဲ့လူကိုထိပ်ဆုံးမှာထည့်မှတ်တာ ဟီးဟိး
အဲ့တုန်းက တရားတာမတရားတာမသိပေါင်
ခုမှသိတော့ဆိုးမှန်း နောင်တရတယ်....:D

ဒါနဲ့ပီကေကပ်ခံရတဲ့လူဆံပင်ညှပ်လိုက်ရလား
ငါတော့တခါပီကေခေါင်းပေါ်ပြုတ်ကျတာခံလိုက်ရလို့
ဆံပင်ညှပ်လိုက်ရတယ်
ငါစားရင်တော့ ဗိုက်ထဲကိုရှလွတ်ဆိုပြီး
ဝင်ဝင်သွားတာခဏခဏ

song chan moe said...

ဒီနေ့ ဘယ်နှစ်ချက်လဲဟင်
တစ်ချပ်ထပ်ဆွဲလေကွာ
ဘူတဲ့

ငယ်ငယ်ကတည်းက ဆိုးပေက
ခုချိန်ထိအောင် ဆိုးတုန်းပေတုန်း
မိန်းမများရရင်တော့မသိဘူး..
မြင်ယောင်ပါတယ်ကွာ
ဖန်သကြိုးမယား တဖားဖား

ဟားဟား

အမေ့သား said...

ယုံပါတယ် ဖန်သကြိုးရယ်။
စကားပြောကြည့်တာနဲ့  ဗီဇကို သိခဲ့ပါတယ်။
တချို့ ကောင်မလေးတွေကလည်း ဆိုးပေမှ ပိုခိုက်တာကွ။
ဆက်ထိန်းထား