စာဥရေ ရွာအရောက်ပြန်ခဲ့ပါ

ငယ်ငယ်က ကျောင်းမှာ အလေးစားဆုံးပုဂ္ဂိုဟ်ဆိုပြီး စာစီစာကုံးရေးခဲ့ကြဖူးမှာပေါ့နော့်။ အဲလိုရေးကြတယ်ဆိုတိုင်း ၁၀၀မှာ ၉၉ပြေးရေးကြတာက ကျွန်တော်တို့ရဲ့အမျိုးသားသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ အဲဒီလို နိဒါန်းချီလိုက်ပြီးသကာလ စာလာဖတ်တဲ့သူငယ်ချင်းအပေါင်းက တခါလာလည်း ဆီထမင်း၊ တခါလာလည်း ရွှေလင်ပန်းလို့ထင်ကြပေမပေါ့။ မဟုတ်ရပါခင်ဗျာ၊ ကျွန်တော် ဗိုလ်ချုပ်ကိုလေးစားပါရဲ့၊ ဒါပေသိ ၁၀၀မှာ၉၉ရေးနေတဲ့ လူတစ်ယောက်အကြောင်း ကျွန်တော်လို လူကန့်လန့်က ရေးမယ်များ ထင်သလား။ (တကယ်များ အတုယူလိုက်လုပ်ကြရင်...ထားပါလေ။) ကျွန်တော်တကယ်အားကျပြီး လက်လှမ်းအမှီဆုံး၊ အဖြစ်ချင်ဆုံး၊ ကျွန်တော်ဗီဇနဲ့ ထပ်တူကျတဲ့ လူတစ်ယောက်အကြောင်းရေးလေ့ရှိပါတယ်။

တကယ်တော့ အဲဒီ့လူဟာ လူမဟုတ်ဘူးခင်ဗျ။ မျက်စိလည်သွားမလားတော့မသိဘူးနော်။ ကျွန်တော် လေးစားအားကျတဲ့လူက ကာတွန်းဇာတ်ကောင်လေးတစ်ယောက်ပါ။ ဇာတ်ကောင်တောင်မှ ကာတွန်းစာအုပ်တစ်အုပ်လုံးမှာ ၃၊ ၄ကွက်လောက်ကလေးပါတဲ့ လူတစ်ယောက်အကြောင်းပါ။ သူ့နံမည်ကတော့ ကိုကြည်နိုင်ပါခင်ဗျာ။ အပြည့်အစုံရေးရရင် ကြုံတိုင်းရွာက ကျောင်းဆရာလေး ကိုကြည်နိုင်ပါခင်ဗျာ။ စာစီစာကုံးထဲမှာတော့ ဆရာလေးရဲ့ ရုပ်သွင်တွေ၊ ဆရာလေးရဲ့ ဘဝတွေ၊ ဘာတွေညာတွေကို ဆရာတွေကြိုက်လောက်အောင် (ကြိုက်မပေါ့၊ သူ့တို့အကြောင်းရေးတာကိုး) ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးခဲ့တာပေါ့ဗျာ။

ထားပါလေ။ အားလုံးလဲ ငယ်ရာကကြီးပြီး ကာတွန်းဖတ်ခွင့်ရတဲ့အသိုင်းအဝန်းကနေ ဘလော့ဖတ်တဲ့အဆင့်အထိရောက်အောင် စာဖတ်ဝါသနာပါတဲ့လူတွေချည်းဆိုတော့ အထူးအထွေ ဆရာလေးအကြောင်း ဖွဲ့ပြမနေတော့ပါဘူး။ အကြမ်းမျဉ်းလောက်ပဲ ပြန်နွေးပေးပါရစေ။ ဆရာလေးဟာ တက္ကသိုလ်ကျောင်းသား ပညာတက်တစ်ယောက်ဖြစ်ပြီး အသည်းကွဲ (ကျွန်တော့်သူရဲကောင်းလည်း အသည်းကွဲသဗျာ... ဤကား စကားချပ်)၊ တောကျောင်းဆရာလေးအဖြစ်နဲ့ ကြုံတိုင်းကိုရောက်၊ မူးရစ်တုန်ရီနေတဲ့သူစိတ်တွေကို ချစ်စရာ့တောဓလေ့လေးတွေနဲ့ ချို့တဲ့ရိုးသားလှတဲ့သူ့ကျောင်းသားလေးတွေက ပြန်တည်ငြိမ်စေပြီးနောက်၊ အဲဒီရွာလေးမှာပဲ ပျော်ရွှင်စွာ စာသင်ကြားပေးနေခဲ့တယ် ဆိုပါတော့။

ကျွန်တော်ဟာ ရန်ကုန်မြို့နဲ့ မိုင်၅၀ကျော်ဝေးတဲ့မြို့တစ်မြို့မှာမွေးလို့ မြို့သားလို့ခေါ်ချင်ခေါ်နိုင်သေးပေမယ့် ကျွန်တော် ကျေးလက်ကို ချစ်တယ်။ လယ်ကွင်းစိမ်းတွေကို မြတ်နိုးတယ်၊ လှည်းသံတအီအီကို ကြိုက်တယ်၊ ဖုတ်နံ့စူးစူးကို ခုံမင်တယ်၊ နေပူပူရိုးပြတ်ထဲ ပုဆိုးခြုံလျှောက်ရတာကို ပျော်တယ်၊ မိုးအေးအေးညနက်ထဲ ဖားလိုက်ရိုက်ရတာကို တမ်းတတယ်။ တကယ်တော့ ကျွန်တော်ဟာ တောသားတစ်ပိုင်းပါ။ အဖေဖြစ်သူက ပြည်မြို့နဲ့ ၁၃မိုင်ကွာတဲ့ တာလမ်းနဲ့ ခပ်လှမ်းလှမ်းရွာမှာ ဇာတိချက်မြှုပ်ခဲ့လေတော့လည်း နွေကျောင်းပိတ်ရက်တိုင်း တောကိုပြန်လည်ကြလေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကလေးဘဝကတော့ တောဆိုတာ မြို့ရဲ့ထွက်ပေါက်၊ ကားသံမရှိ၊ ဓာတ်ကြိုးမရှိ၊ အားလုံးဟာ အရိုင်းအတိုင်းနဲ့ ရိုးရိုးလေးရှိနေသေးတဲ့ ဘုံဗိမာန်လေးတွေပါပဲ။ ဟင်းစားလိုချင် နောက်ဖေး စိုက်ခင်းလေးထဲဆင်းခူး၊ ကျီထဲက ဆန်တစ်မှုတ်၊ တစ်ဆုပ်ထည့်ချက်လိုက်ယုံနဲ့ ငွေမလိုကြေးမလို၊ လောဘနည်းနည်းနဲ့ ခပ်အေးအေးနေနိုင်တဲ့နေရာလေးပေါ့လေ။

တောကိုရောက်ရင် ကျွန်တော်တို့မောင်နှမတွေ သိပ်ပျော်ပါတယ်။ တစ်ရွာလုံးက အမျိုးတွေ၊ လာလည်တဲ့ရက်အတိုင်း တစ်အိမ်တစ်နပ်စားတာတောင် အိမ်မစေ့။ အိပ်တာတောင် တစ်အိမ်တစ်ယောက်ခွဲအိပ်ပေးရတယ်။ ဟိုဘက်ဒီဘက်ရွာတွေက အသံကြားလို့ လှည်းတွေ၊ လှေတွေနဲ့ လာတွေ့ကြတာ မပါသေး။ ကစားဖော်ဆိုတာလည်း လက်ညိုးထိုးမလွဲ ကလေးတိုင်း မောင်နှမတွေ၊ ဆွေမျိုးတွေ။ အဖွားအိမ်ဝိုင်းဆို ရွာဦးကျောင်းဝင်းလို လှည်းတွေဝိုင်း၊ လူတွေသိုင်းလို့ ပျော်စရာအတိပေါ့လေ။

နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့မိသားစု ရွာပြန်လေ့ရှိကြပါတယ်။ ရွာဟာ မပြောင်းလဲသေးပါဘူး။ ရွာကို ကားလမ်းမပေါက်သေးပါဘူး။ မီးတစ်ညထွန်းဖို့အတွက် ဘက်ထရီအိုးကို ၇မိုင်ဝေးတဲ့ဝက်ထီးကန်မှာ သွားသွားသွင်းနေရဆဲပါပဲ။ တုန်တုန်ရီရီ ဗီဒီယိုခွေတွေကို တငိုငိုတရီရီ ရွာလုံးကျွတ်အားပေးနေဆဲပါပဲ။ ရွာမှာ ဆန်စက်မရှိသေးပါ၊ ထွန်စက်မရှိ၊ ယုတ်စွအဆုံး မော်တော်ဆိုင်ကယ်တောင် လက်ဆယ်ချောင်းပြည့်အောင် မရှိကြသေးပါဘူးခင်ဗျာ။

ရွာလေးက မပြောင်းပေမယ့် ကျွန်တော်ရဲ့ကစားဖော် မောင်နှမတွေကတော့ ပြောင်းလဲကုန်ကြပါပြီ။ အတန်းပညာ လေးတန်းတက်ရင် မိန်းကလေးတော်ရောပေါ့အေဆိုတဲ့ အယူအဆနဲ့ ဥာဏ်ပညာထက်မြက်တဲ့ ကျွန်တော့်အမတွေခင်မျာ ကွမ်းတစ်ဖောင်ဖောင်နဲ့ ကလေးတွဲလောင်းသားတွဲလောင်းတွေ ဖြစ်ကုန်ကြပါပေါ့လား။ ထက်မြက်တက်ကြွတဲ့ ကျွန်တော့်အကိုတွေဟာ ကောက်စိုက်ပျိုးနှုတ်၊ အိမ်ထောင်တည် ကျီဆောက်ဆိုတဲ့ သမရိုးကျ ဘဝတွေမှာ ကျန်ရစ်ခဲ့ကြပါရိုးလား။ တခါပြန်တိုင်း ပြန်တိုင်း ပိုပိုစုတ်ချာလာတဲ့ သူတို့အဝတ်တွေ၊ ဝေးဝေးလာတဲ့ ဗဟုသုတတွေ၊ သနားစရာကောင်းလောက်အောင် ရိုးအနေကြဆဲ သူတို့ဘဝတွေကို ကျွန်တော် စိတ်မချမ်းသာစွာ တွေ့နေခဲ့ရပါတယ်။

ဘာကြောင့်လဲ... ဘာကြောင့်လဲ။ အကြောင်းရင်းကိုရှာတဲ့အခါ နှစ်ပေါင်းများစွာ ငြင်းခုန်နေကြတဲ့ ခေါင်းစဉ်တစ်ခုကိုပဲ လက်ညိုးထိုးပါရစေတော့။ စားဝတ်နေရေးပါ။ လူတွေဟာ ရှင်ဖို့အတွက်စားဖို့လိုပါတယ်။ ဒီတော့ရှာကြဖွေကြ စုကြဆောင်းကြပါတယ်။ တချို့က စားဝတ်နေရေးအတွက် အသိဥာဏ်ကို စတေးပစ်လိုက်ကြပါတယ်။ တချို့က ပညာကို မြတ်နိုးပါရက်နဲ့ စားဝတ်နေရေးအတွက် ဘဝလမ်းမှာ လွှင့်ပစ်ထားခဲ့ကြရပါတယ်။ သင်ချင်သိချင်လွန်းလို့ဆိုတာတောင် လက်တွေ့ဘဝပေးကို မလွန်ဆန်နိုင် (မလွတ်မြောက်နိုင်)တာနဲ့ အတန်းစာမသင်လိုက်ရသူတွေလည်း ဒုနဲ့ဒေးပါ။

ကျေးလက်ဒေသဟာ အသိပညာ ငတ်မွတ်နေကြပါတယ်။ အလှူလော်စပီကာက တွံ့တေးသိန်းတန်နေရာ ဂျောက်ဂျက်ရောက်လာတာ၊ ရေခတ်ဆင်းရင် စကတ်ထမီဝတ်တာတွေဟာ အသိဥာဏ်ရှိလို့ တိုးတက်လို့လို့ မဆိုနိုင်ပါ။ တလုံးအရှုံး၊ ငါးမူးသရေ သိယုံနဲ့ လူအဆင့်မှီပြီလို့ မဆိုနိုင်သေးပါ။ တောသားတစ်ယောက်အနေနဲ့ ပြောရရင် တောကိုရောက်တဲ့ ခေတ်ရဲ့လှိုင်းလုံးတွေထဲမှာ အဆိပ်တွေချည်းပဲ ဖုံးလွှမ်းနေတာတွေ့နေရပါတယ်။ မရှိလို့ မသိ၊ မသိလို့ မရှိတဲ့ကြားထဲ ခါတော်မှီလောဘတန်ခိုးနဲ့ နွားပေါင်လှည်းဖြုတ် ဘဝဇာတ်ထုတ်ဆုံးကုန်တာတွေလည်း မနည်းပါခင်ဗျာ။

ဒီလိုပြောလို့ တောရွာတွေကနေ ပညာတက်တွေ မထွက်တော့ဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ ထွက်ပါတယ်ခင်ဗျာ၊ သိပ်ကို ထွက်ပါတယ်။ နိုင်ငံတော်ရဲ့စေတနာနဲ့ (ရွဲ့ပြောတာမဟုတ်ရပါ... အတည်ပါခင်ဗျာ) တစ်မြို့နှစ်ကောလိပ်၊ တစ်တက္ကသိုလ်စီမံကိန်းတွေအရ တချိန်က မိုင်ရာချီလှမ်းလှတဲ့ ကျောင်းတော်ကြီးတွေဟာ ရွာတွေထဲကို ဝင်ရောက်စတည်းချနိုင်ခဲ့တာ ဆယ်စုနှစ်ကြာပါပြီ။ ပညာတက်ဘွဲ့ရဆိုတာတွေလည်း မြေကြီးပေါ်က မြေမှုန့်ကမှနည်းပါဦးမယ်၊ ပေါလှပါတယ်ခင်ဗျာ။

ဒါပေသိ ပညာတက် လူရည်လည်၊ ခေတ်ကို ဘွားခနဲမြင်လိုက်ရတဲ့ ကျွန်တော်တို့ တောသူတောင်သား၊ ကျောင်းသားလေးတွေဟာဖြင့် ကိုယ့်မြို့ကိုယ့်ရွာကို ခွာဖယ်၊ တိုးတက်ရာ တိုးတက်ကြောင်းရှာလိုက်ကြတာ။ တချို့ဆို ရေခြားမြေခြားမှာ အဆင်တွေပြေလို့၊ တချို့များ မြို့ကြီးတွေမှာ တိုက်တွေခြံတွေဟီးဟီးထလို့...။ ဘယ်သူမှ ဇာတိရွာတွေကို... ပြန်... မ... ကြည့်... ကြ... တော့... ပါ... ဘူး။ တောက ဆွေမျိုးတွေကို ချောကလက်တစ်ဘူးစီ ဝယ်ပေးချင်ပေးကြမယ်၊ ရွာဦးကျောင်းကြီးကို ကမ္ပည်းထိုးလှူကြတယ်၊ ဒါတွေဟာ ကိုယ့်ချက်မြှုပ် ကိုယ့်ကျေးရွာကို ဘာတွေများ ပြန်အကျိုးပြုစေနိုင်သလဲ။

ကျေးလက်တွေဟာ ပိုမိုနိမ့်ကျလာကြပါတယ်။ ရှိပြီးသားအကောင်းဆုံးအစိတ်အပိုင်းတွေ (လူတော်များ) ဆုံးရှုံးလိုက်ရသလို ပြန်ဝင်လာတဲ့ အဆိပ်အတောက်တွေကိုလည်း တားမြစ်လမ်းပြပေးမယ့်သူတွေ သိပ်ရှားနေပါပြီ။

ကျွန်တော်တို့ဟာ စားဝတ်နေရေးအတွက် ငွေရှာကြပါတယ်။ ပြီးတော့ သုံးပစ်ပါတယ်။ ဒီတော့ ဘာတွေဖြစ်သွားသလဲ၊ တစ်ရက်အသက်ပိုရှည်ယုံ၊ (ကန်တော့ပါရဲ့) ချီးဖြစ်သွားတာပါပဲ။ ဒီလိုသာ ဆက်သွားနေရင်တော့ ကျွန်တော်တို့တတွေ လူဖြစ်ရတဲ့အဓိပ္ပာယ်ဟာ သိပ်ကျဉ်းမြောင်းလွန်းနေပါပြီ။ ကိုယ်တစ်ယောက် အတောင်ပေါက်လို့ လောကကို အပေါ်စီးကကြည့်နိုင်ယုံနဲ့ ဥအပြည့်နဲ့အသိုက်တွေကို မေ့မထားသင့်ကြပါခင်ဗျာ။

လုပ်နိုင်တယ်၊ လုပ်ချင်စိတ်ရှိတယ်ဆိုရင် လုပ်ပေးချင်စရာတွေ အများသားပါခင်ဗျာ။ ရွာတွေမှာ ကျောင်းလေးတွေ ဆောက်ပေးမယ်။ ကျေးရွာစာကြည့်တိုက်လေးတွေ တည်ပေးမယ်။ ရွာလမ်းလေးတွေ ဖောက်ပေးမယ်။ ကျေးလက်ဆေးပေးခန်းလေးတွေ ဖွင့်ပေးမယ်။ ရွာပိုင် မီးစက်လေး၊ ရုပ်သံပြစက်လေးတွေ ဝယ်ပေးမယ်။ ဆီစက်၊ ဆန်စက်လေးတွေ ဝယ်ပေးမယ်။ ပညာပေးဟောပြောပွဲလေးတွေ လုပ်ပေးမယ်။ ဒါတွေလုပ်ဖို့ဆိုရင် အသိုက်ကို ခင်တွယ်စိတ်နဲ့ စေတနာရှင်းရှင်းလေးတွေပဲ လိုတာပါခင်ဗျာ။

တကယ်တော့ ကျေးရွာဆိုတာ နိုင်ငံရဲ့ကလပ်စည်းလေးတွေပါ။ ဒါကျွန်တော့်စကားမဟုတ်ပါဘူး။ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချိမင်းရဲ့ပြောစကားလေးပါ။ သူပြောတာမှန်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူအဖွဲ့အစည်းတစ်ခု တိုးတက်ကြီးပွားဖို့ဆို ကြီးကြီးကျယ်ကျယ်တွေ ပြောကြကြေးဆို အများကြီးပါဗျာ။ တကယ်တမ်းတော့ ကလပ်စည်းတစ်ခု၊ DNA အမျှင်တစ်ကြောင်းကို ပြောင်းမပေးနိုင်ယုံနဲ့ ရုပ်အကောင်ကြီးကို ပြောင်းလဲလို့မရနိုင်ဘူးဆိုတာ ခေတ်ပညာတက်များလည်း သိပြီးဖြစ်မှာပါ။ ၅၂သန်းကို ဦးဆောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းလေးတွေ မလိုသေးပါဘူး။ ရွာငယ်လေးတွေမှာ စေတနာမေတ္တာစစ်နဲ့ အလင်းပေးနိုင်တဲ့ ဆရာလေးကိုကြည်နိုင်လေးတွေက ပိုလိုအပ်ပါလိမ့်မယ်။


ကိုယ့်မြို့ကိုယ့်ရွာကို တနည်းနည်းနဲ့တော့ ချစ်ကြပါ မြန်မာပြည်ဖွား တောသားများခင်ဗျား...


ဖိုးသင်္ကြန်


11 comments:

ရွာသားလေးဝိုင်တီယူ said...

http://mayaonlinemagazine.blogspot.com/2010/03/blog-post.html

မိုးခါး said...

ဟင်းးးး
ဟုတ်ပနော်
စကားတွေပဲ ပြောနေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး
ကိုဇူလိုင်ရေးဘူးသလို ကိုယ့်အနားက ကြယ်ငါးလေးတွေကိုပဲ ကောက်ပေးနိုင်အောင် ကြိုးစားကြရမှာ
နိုင်သလောက်ပေါ့
တကယ်ဆို ကလေးတွေအဖြစ်က သနားဖို့ ကောင်းသလို နိုင်ငံတခုအတွက် ဆုံးရှုံးမှုလည်း ဖြစ်တယ်
ဘယ်သူ့မှာ တာဝန်ရှိတယ် လက်ညှိုးထိုးနေရုံနဲ့တော့ မထူးလာဘူး
တကယ်တော့ တာဝန်ရှိတဲ့လူက ကိုယ်တိုင်ပဲ
ဟင်းးးးးးးးးးးးးးးးးးးး

JulyDream said...

အင်း ပြန်ပါအုံးမယ် ပြန်အုံးမယ်.... နှုတ်ခွန်းဆက်ပါတယ် ဆိုပြီး ပြောရင်လည်း သင်္ကြန်သီချင်းဆိုနေတယ် မှတ်နေအုံးမယ်။ တကယ်တော့... ရင်ထဲမှာ... =)

kaungkinpyar said...

ပျံသာ ပျံပါ ရွှေဟင်္သာ ရေ....

ဖိုးစိန် said...

တောပန်းလေးတွေ မွှေးပျံ့နိုင်ပါစေ

တောသားလေး ချစ်သော စာဥ တစ်ယောက် တောပန်းလေးနဲ့ ဆီးကြိုနိုင်ပါစေ....း))

တနေ့နေ့တော့ ဆရာလေး ကိုကြည်နိုင် လိုလူမျိုးတွေ အများကြီးထွက်လာမှာပါ။။။(အသဲမကွဲသော ကျောင်းဆရာတွေပေါ့)

ဗီလိန် said...

မပြန်ဘူး။ ဘယ်တော့မှ မပြန်ဘူးကွ။

zarchi said...

စိတ်ကူးထဲမှာတော့ အပြည့်ပေါ့။ လက်တွေ့တော့ဘာမှမလုပ်ပေးနိုင်သေးဘူးလေ။ တနေ့ ဖြစ်လာဖို့ကိုတော့မျှော်လင့်နေတယ်။

khin oo may said...

ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ချစ်ပါသည်။

ခရောင်း said...

အုပ်တစ်ချပ်လဲဖြစ်ခဲ့ဖူးပါတယ် သဲတပွင့်လဲဖြစ်ခဲ့ဖူးပါတယ်။
ပင်ပျိုလေးတွေများစွာလဲ ပျိုးခဲ့ဖူးပါတယ်။ ဘဝပေးကြောင့် မတတ်သာ ဝေးကွာနေခဲ့ရပြန်တယ်။ အချိန်တိုင်းတော့ ရင်ထဲမှာ ထာဝရ တိုင်းပြည်လေးတစ်ခု တည်ဆောက်ပေးနေဆဲပါ။

မေဇင် said...

ငါ ...ခု ရွာက စာသင်ကျောင်းဝင်းထဲမှာ စာကြည့်တိုက် အုပ်ကျောင်းဆောင် သေးသေးလေး ဆောက်ပေးနေတယ်...ဒီနွေရာသီ အပြီးလို့ မှန်းထားတာပဲ.....။ အဆောက်အဦး သေးသေးလေး ပြီးရင်တော့...စာအုပ်တွေဘတ်လှည့်ရဦးမယ်....။ ရင်ထဲမှာ ရှိတဲ့ စေတနာကတော့ အများကြီးပါပဲ....။ ဒါပေမယ့်
စာထဲမှာ ပါသလို ရွာကို လုပ်ပေးချင်တာတွေ အတွက် အဓိက ငွေ လိုပါတယ်။ အဲ့ဒီ ငွေ ကို ရှာရင်းနဲ့ပဲ ရွာ ရဲ့ အဝေး ကို ရောက်လာတာပါ...။ ဒါပေမယ့် ငွေ ရပေမယ့် နံပါတ် 1 ဖြည့်စည်းပေးရမှာက ကိုယ့် မိသားစု လေ....ဒီလိုနဲ့ပဲ.....တစ်နေ့တော့ ရွာ ကိုပဲ ပြန်မှာပါ။

ကြည်ဖြူပိုင် said...

ဖန်သကြိုးပြောတာတွေသဘောကျတယ်

အမတို့မိသားစုလဲအဲလိုလေးတွေလုပ်ပေး
ရတာဝါသနာပါတယ်။
ဒါပေမယ့်............
လမ်းဖောက်ဖို့ဦးဆောင်။ကျောင်းဆောက်ဖို့ပါဝင်...ဒီလောက်ကလေးကိုတောင်
ကိုယ့်မိဖ၇ပ်ရွာမှာပဲ ကိုယ့်မိဘအစွမ်းနဲ့ပဲလုပ်နိုင်ခဲ့သေးတယ်......
ကိုယ့်အစွမ်းနဲ့တော့ဝေးနေဆဲ......တပြည်လုံးလိုအပ်တဲ့နေရာတိုင်းမှာသာလုပ်နိုင်ခဲ့ရင်ဆိုတဲ့ ကြိုတင်ကြည်နူးမှုလေးလဲရှိခဲ့ဖူးပါရဲ့.........
ဒါပေမယ့် င၀ိုင်းဆိုတဲ့လိုအပ်ချက်ရဲ့အောက်မှာ.....မျှော်လင့်ချက်လေးတွေဝေးဆဲပါပဲ။ ဒါပေမယ့်တနိုင်ဆိုသလိုတော့ တို့တွေထမ်းဆောင်ရမှာပဲလေ။
လေးစားပါတယ်မောင်လေးေ၇...
ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်လေးအတွက်ချီးကျူးပါရဲ့
:)