တစ်ယောက်စကား တစ်ယောက်နားမှာ

ပဲခူးကလပ်နားက စာကြည့်တိုက်မှာ စာသွားဖတ်နေစဉ်က သူတို့လုပ်ပေးတဲ့ပြိုင်ပွဲတစ်ခု ကို တက်ရောက်ဖူးပါတယ်။ Debate Contest လေးတစ်ခုပါပဲ။ ခေါင်းစဉ်တောင် မမှတ်မိတော့ပါဘူး။ မှတ်မိတာကတော့ အဲဒီမှာအင်္ဂလိပ်စာသင်တန်းတက်နေတဲ့ လူငယ်တွေ အကြောင်းအရာတစ်ခုကို 'Affirmative' နဲ့ 'Negative' နှစ်ဖွဲ့ခွဲပြီး အပြိုင်အဆိုင် စကားနိုင်လုကြတာကိုပါပဲ။

စကားနိုင်လုတာဟာ သူတို့ဆီမှာ အသစ်အဆန်းတစ်ခုမဟုတ်တော့ပါဘူး။ မူလတန်းအဆင့်မှသည် သမ္မတရွေးကောက်ပွဲအထိ Debateပြိုင်ပွဲတွေကို အလီလီလုပ်လေ့ရှိပါတယ်။ စကားနိုင်လုတာကို သူတို့က Social Skill တစ်ခု Human Resourceတစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ်သဘောထားပြီး မြေထောင်မြှောက် မွေးယူလေ့ရှိပါတယ်။ ဗြိတိသျှကျွန်းစုက ကျောင်းအဆင့်မှာလုပ်တဲ့ ပြိုင်ပွဲတစ်ခုရဲ့ အဆင့်တွေကို နမူနာလေးပေးချင်ပါတယ်။ သတ်မှတ်ထားတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီး ထောက်ခံနဲ့ ငြင်းပယ်တဲ့ အုပ်စုဆိုပြီး နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ပြီးတော့ တစ်ဖွဲ့ကိုတစ်ယောက် တစ်ကြိမ်စီနှစ်ခေါက် ( ထောက်ခံ-ပယ်ချ-ထောက်ခံ-ပယ်ချ) ၇မိနစ်စီ ပြောရပါမယ်။ တစ်ကြိမ်ပြီးတိုင်းမှာ ပြိုင်ဖက်အဖွဲ့က မေးသမျှ ထောက်ပြသမျှကို ၆မိနစ်တိတိ ပြန်လည်ဖြေရှင်းရပါတယ်။ ဒီလိုအချင်းချင်းဝေဖန်ထောက်ပြ ငြင်းဆိုလို့ပြီးရင်တော့ ပရိသတ်ကမေးလာတဲ့မေးခွန်းတွေကို သက်ဆိုင်ရာအဖွဲ့အလိုက် တုံ့ပြန်ဖြေဆိုရပါမယ်။ အားလုံးပြီးဆုံးမှ တစ်ဖွဲ့စီက တစ်ယောက်စီက သူတို့ကိုယ်စားပြုထားတဲ့ဝင်ရိုးကို summarize လုပ်ပြီး ၄မိနစ်ကြာ နိဂုံးချုပ်ပေးရမှာပါ။

တက္ကသိုလ်ဆင့်ဆိုရင်လည်း World Universities Peace Invitational Debate (WUPID)ကို ၂၀၀၇ကစပြီး နှစ်စဉ်ကျင်းပနေခဲ့တာ အခုဆိုရင် ၃ကြိမ်ရှိခဲ့ပါပြီ။ နောက်ဆုံးလုပ်သွားတာကတော့ ကျွန်တော်တို့အရှေ့တောင်အာရှက မလေးရှားနိုင်ငံ တက္ကသိုလ်တစ်ခုမှာပါ။ နာမည်ကြီးအမေရိကန်သမ္မတရွေးကောက်ပွဲစကားနိုင်လုမှုတွေကိုတော့ ၁၉၇၀ကစတင်ထည့်သွင်းကျင်းပခဲ့ကြပါတယ်။ ရွေးကောက်ခံမယ့်သမ္မတနှစ်ဦးရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေအပေါ် အချင်းချင်းအမြင်စကားတွေ၊ ထောက်ပြချက်တွေသာမက တစ်ဦးချင်းစီရဲ့စကားပြောစွမ်းရည်ကိုပါ ပြည်သူတွေကအကဲဖြတ်နိုင်တဲ့အတွက် အလွန်ကောင်းမွန်ပြီး လူကြီးလူကောင်းဆန်တဲ့ယှဉ်ပြိုင်မှုတွေပါပဲ။

ဒါတွေပြောနေတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘဝသက်တမ်းမှာ ကလေးတွေကို စာပြပေးခဲ့တဲ့အချိန်တစ်ခုရှိခဲ့ပါတယ်။ အဲဒီမှာ ဘာသွားတွေ့ရသလဲဆိုတော့ ကျွန်တော်တို့မြန်မာကျောင်းတွေမှာ သင်ရိုးအရရော ဓလေ့ထုံးတမ်းအရပါ ဆရာမှတပည့်ဆိုတဲ့ One way စနစ်ကြီးကလွှမ်းမိုးနေတာကို တွေ့ရပါတယ်။ အတန်းဖော်ချင်း ကိုယ့်အမြင်ကို အကိုးအကားအထောက်အထားနဲ့ ပြောဆိုဝေမျှဖို့အသာထား၊ ဆရာတပည့်ချင်းတောင် အမှားအမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ထုတ်ပြဝေဖန်ခွင့်မရှိဘူးလို့မြင်ပါတယ်။ (ငယ်ငယ်က ကျွန်တော်ကိုယ်တိုင် ဆရာသင်တာမှားနေတယ်လို့ထပြောလို့ အသေအဆော်ခံရဖူးပါသေးတယ်) ကျွန်တော်တို့တတွေဟာ ကိုယ့်အတွေးအခေါ်၊ ကိုယ့်အယူအဆကို ကိုယ့်ဖာသာကိုယ် မြိုသိပ်မေ့ပစ်လိုက်ရသာတာများပါမယ်။ ဒီအတွေးတွေကို အခြေခံပြီး ဆက်လက်လေ့လာဖို့၊ ကိုးကားဆင်ခြင်ဖို့ဆိုတာ ဝေလာဝေးပေါ့ခင်ဗျာ။

တကယ်တော့ ကျောင်းဆိုတာ လူငယ်တွေကို နည်းပေါင်းစုံနဲ့ ဘဝရဲ့အရေးပါတဲ့လိုအပ်ချက်တွေကို တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ သင်ကြားလေ့ကျင့်ပေးတဲ့ဌာနကြီးပါ။ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ လေ့ကျင့်စခန်းသွင်းပေးတဲ့နေရာလို့လဲဆိုနိုင်ပါတယ်။ ဒီလိုPlaygroundကြီးတစ်ခုမှာ ဘဝမှာအလွန်အရေးပါလာမယ့် Communication Skill တစ်ခုကို လေ့လာအသုံးချခွင့်မရတာဟာ အလွန်နစ်နာပါတယ်။ ဝေးဝေးလံလံသာဓကမပြလိုပါ။ စာဖတ်သူတို့ကျွန်တော်တို့ တတွေ အချင်းချင်းစကားပြောရတဲ့အခါ သတိထားကြည့်ပါ။ တဖက်သားကိုအားနာလို့ပဲဖြစ်ဖြစ်၊ တဖက်အယူဝါဒလွှမ်းမိုးမှုက အားကြီးနေရင်ပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒကိုယ့်အယူအဆကို ချောင်ထိုးပြီးထားလိုက်ရတာတွေရှိပါမယ်။ တကယ်လို့ မခံနိုင်လောက်အောင်ဖြစ်လာလို့ ငြင်းတဲ့အဆင့်ရောက်လာရင်လည်း နည်းမှန်လမ်းမှန်မဟုတ်တော့ပဲ ငါသာအမှန်၊ ငါ့ယူဆချက်သာ အကောင်းဆုံးဆိုပြီး အတ္တမာနကို ရှေ့တန်းတင် မျက်လုံးမှိတ်စာအုပ်ကိုင်ပြီး ပြောချင်ရာပြော (ပြီးတော့လုပ်ချင်ရာလုပ်)ကုန်ကြတာ သဘာဝပဲမဟုတ်ပါလား။ (ဘလော့ဂါများကို စောင်းပြောတာမဟုတ်ရပါ။ ဒဲ့ဆန်သွားလျှင်တော့ နာလိုက်ကြပါ - စကားချပ်)

မြှိုသိပ်မှုဟာ ပေါင်းသင်းဆက်ဆံရေးမှာ အလွန်အန္တရာယ်ကြီးပါတယ်။ တဦးနဲ့တဦး နားမလည်နိုင်တာတွေ၊ လူမှုရေးအရအထီးကျန်တာတွေ၊ ထွက်ပေါက်ရှာတာတွေဟာ မြှိုသိပ်မှုတွေမှာ မြစ်ဖျားခံပါတယ်။ ဒီလိုပဲ လက်လွတ်စပယ် တုံ့ပြန်တာ၊ စည်းလွတ်ဝါးလွတ်ငြင်းခုံတာတွေဟာလည်း မလိုလားအပ်တာပါပဲ။ ခင်မင်သူချင်း မျက်နှာချင်းမဆိုင်နိုင်တာ၊ လူမုန်းများလာတာ၊ ကိုယ့်ကြောင့် ကိုယ့်ခံယူချက်ပါ မြောင်းထဲရောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ကြဉ်ဖို့၊ လိုအပ်သလို ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်ဖို့ဆိုတာ အပြောအဆိုတက်ဖို့ (ကောင်းစရာမလို) လိုလာပါပြီ။

လူမှုဆက်ဆံရေးမှာ စကားလုံးတွေဟာ အလွန်အရေးပါပါတယ်။ လက်ချောင်းတွေအရှည်အတိုမတူသလို လူတစ်ယောက်နဲ့တစ်ယောက်လည်း တွေးပုံယူပုံ နားလည်ပုံ အကြီးအကျယ်ကွာတက်ပါတယ်။ တယောက်နဲ့တယောက် ဆက်ဆံစကားပြောတဲ့အခါ ဒီအချက်ကို မေ့ထားလို့မရပါ။ ဒီလိုကွာဟမှုကို ဥာဏ်ပညာနဲ့ထိန်းကျောင်းညှိမယူပဲ ချောမွေ့တဲ့ဆက်ဆံမှုဆိုတာဖြစ်လာဖို့ ခဲယဉ်းပါလိမ့်မယ်။ ညှိယူတဲ့အခါမှာလည်း လွယ်လွယ်ကူကူလည်ပင်းဖတ် ဆွဲခေါ်သွားလို့ရတာရှိနိုင်သလို မျက်နှာချင်းဆိုင်ပြီး အချေအတင် ပြောဆိုရတာမျိုးလည်းရှိတက်ပါတယ်။ ငြင်းခုံရတာ စကားနိုင်လုရတာဟာ ဝါဒအယူအဆတွေရဲ့အားနည်းချက်ကြောင့်ချည်းမဟုတ်ဘဲ လူတွေရဲ့လက်ခံနိုင်စွမ်းပေါ်မှာလည်း အများကြီးမှီခိုနေပါတယ်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု ကိုယ့်ဖက်ပါလာဖို့၊ ဒါမှမဟုတ် ကိုယ့်ဆန္ဒကို ထုတ်ဖော်မှတ်ကျောက်တင်ဖို့ဆိုရင် ပြောရဲတဲ့သတ္တိတစ်ခုတည်းနဲ့မပြီးတော့ပါ။

မျက်စိဟာ လူတစ်ယောက်အတွက် ပြူတင်းဆိုရင် ပါးစပ်ဟာ တံခါးတစ်ချပ်လို့နှိုင်းနိုင်ပါလိမ့်မယ်။ အိမ်တစ်လုံးဟာ ဘယ်လောက်အပြင်ပန်းလှလှ တံခါးဖွင့်လိုက်လို့ အတွင်းမှာ ကစဉ့်ကလျားဖြစ်နေမယ်ဆိုရင် ဘယ်သူမှ ဝင်ကြည့်ချင်တော့မှာမဟုတ်ပါ။ ဘယ်လောက်စာဖတ်ဖတ်၊ ဘယ်လောက်ဗဟုသုတပြည့်စုံပါစေ၊ သူ့ဆီက ထွက်လာမည့် Outputများက တောတလုံးတောင်တလုံး ငါ့စကားနွားရများဖြစ်နေလျှင်တော့ ပညာရှိဟု ခေါ်နိုင်မယ်မထင်ပါ။ ဘုရားဟောတရားသုတ္တန်များ၊ အဘိဓမ္မာများ (တခြားဘာသာများရဲ့နှုတ်ကပတ်တော်ကျမ်းများ)ကို လေ့လာတဲ့အခါ အလွန်စနစ်ကျတဲ့ အတုယူစဖွယ်စကားလုံးစီခြယ်မှုတွေကို တွေ့ရပါမယ်။ ကျွန်တော်တို့မြန်မာစကားမှာဆိုရင်လည်း စကားကြီး (၁၀)မျိုးဆိုပြီး စကားပရိယာယ်နည်းတွေကို မှတ်တမ်းပြုထားတာ သိကြမှာပါ။ ဒီလိုမျိုးပြောဆိုနိုင်ဖို့ဆိုတာလည်း ဗဟုသုတကိုအသာထား အလေ့အကျင့်လိုပါတယ်။ တသက်လုံး အနေသူတစ်ယောက် သီချင်းတစ်ပုဒ်ချက်ချင်းစင်ပေါ်တက်ဆိုဖို့ မဖြစ်နိုင်သလိုပါပဲ။

ကျွန်တော်ဟာ ငြင်းခုံခြင်းကို စိတ်ဝင်စားသူမဟုတ်ပါ။ သို့သော် ကိုယ်ပိုင်အတွေးအမြင်ထုတ်ဖော်မှုကိုတော့ တန်ဖိုးထားပါသည်။ အနာဂတ်မြန်မာပြည်ကို ဦးဆောင်မည့် မျိုးဆက်များအနေဖြင့်လည်း ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်ကို ရဲရင့်စွာ၊ ခိုင်မာစွာ ချပြဆွေးနွေးနိုင်စွမ်း ရှိစေလိုပါသည်။ တနေ့နေ့တချိန်ချိန်တွင်တော့ ကျွန်တော်တို့ဆီက ကျောင်းတွေမှာ Debate ပြိုင်ပွဲကလေးတွေ အပြိုင်အဆိုင်ပေါ်လာပြီး ကလေးတွေ မျက်လုံးအရောင်တလက်လက်နှင့် ကိုယ့်ခံစားမှုအနုမာနကို ရဲရဲတင်းပြောနေကြမှာကို မြင်ချင်စမ်းလှပါသေးသည်ခင်ဗျာ...။



ဖိုးသင်္ကြန်

(Spelling ကတော့ မှားတုန်းပဲဗျာ။ သည်းခံတာ ဖတ်ပေရော့။ ခုတောင် သက်ပုံလား သတ်ပုံလား ထကြည့်ရမှာပျင်းလို့ ဘိလပ်လိုပဲ ရေးလိုက်ရတာ)
:(

9 comments:

ခရောင်း said...

ကိုကြီးရေ အရမ်းကောင်းတဲ့ ထောက်ပြဝေဖန်မှုလေးနော်။ တန်ဖိုးရှိပါတယ်။ တန်ဖိုးဆိုတာ ရင်ထဲက သက်မှတ်ချက်လေးတစ်ခုကိုပြောတာပါ။ ကျွန်တော့်ရင်ထဲမှာ ရှိတဲ့ သက်မှတ်ချက်လေးနဲ့ပဲ နှိုင်းယှဉ် တန်ဖိုးထားလိုက်ပါတယ်။ ငြင်းခုံဝေဖန်မှုကို မမြတ်နိုးပေမယ့် လူသားတစ်ယောက်အနေနဲ့ လိုအပ်တယ်လို့ လက်ခံပေးပါတယ်။ ပွင့်လင်းမှုနဲ့ ရေရှည်ခင်မင်မှုက တိုက်ရိုက်အချိုးကျနေတတ်တာ သဘာဝပါ။ တခါတစ်ရံမှာ သိမ်းထုပ်မြိုသိပ်မထားသင့်တာတွေကို မဖွင့်ဟမိကြလို့ တန်ဖိုးရှိတဲ့ မိတ်ဆွေတွေ အနားက ထွက်ပြေးသွားကြတတ်တယ်။ မိတ်ဆွေတွေဖြစ်ခဲ့ကြပြီးမှ စိတ်ဝမ်းကွဲခြင်းဆိုတာ မသင့်တော်ပါဘူး။ မိတ်ဆွေကောင်းတိုင်း အစဉ်ထာဝရ ချစ်ခင်နေစေချင်ပါတယ်ဗျာ။

ရေတမာ said...

လေးလေးစားစားနဲ့ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သင်ခန်းစာလည်းရသလို ကိုယ့်ခံစားချက်ကို ရဲရင့်စွာ၊ ခိုင်မာစွာ ချပြဆွေးနွေးနိုင်စွမ်း ရှိအောင် စာလည်းများများဖတ်ဖို့ ကြိုးစားပါ့ဦးမယ်။

မိုးခါး said...

သတ်ပုံပါ ရှင် :D

တခါတလေ ပွင့်လင်းလို့ရတဲ့သူကို ပွင့်လင်းတယ်
မပြောရင်ပိုကောင်းတယ်လို့ မှတ်လိုက်ရင်တော့ မပြောတော့ဘူး
မပတ်သက်တာကောင်းမယ်ထင်လိုက်ရင်လည်း မပတ်သက်တော့ဘူး
ရင်းနှီးသူတွေနဲ့ ပတ်သက်လို့တော့ မြိုတော့ မထားတော့ဘူး
မပြောရမချင်း မနေတတ်လို့

မေဇင် said...

လက်ချောင်းတောင် အတိုအရှည် မညီဘူး ဆိုမှ ... လူတွေရဲ့ ခံယူချက်ကလဲ ဘယ်တူညီ နိုင်ပါ့မလဲ ...။ တစ်ခါတစ်လေ ကိုယ့် စိတ်နဲ့ ကိုယ်တောင် ပြန်ရန်ဖြစ်နေတတ်တဲ့ အမျိုးလေ။ အကျိုး အကြောင်းကို သေချာ ထောက်ပြဝေဖန် တာနဲ့ ပုတ်ချ အပြစ်တင်တဲ့ လေသံ ကတော့ မတူညီနိုင်ဘူး...။ ဆိုပါစို့ ... ဆရာသင်တာ မှားနေတယ်ဆိုတာထက်...ဆရာ ... ဒါ က ဒီလိုလေး မဟုတ်ဘူးလားဆိုပြီး...ပြောလိုက်ရင် ပိုမကောင်းဘူးလား။ သဘောပြောတာပါ....။ ၀င်ပြီး ဆွေးနွေး ရလောက်အောင်တော့ စကား မကြွယ်သေးလို့း))

မရောင် said...

မောင်လေးရဲ့ ပိုစ့်ထဲမှာကိုက မတူညီတာတွေ ပါတယ်လေ။
လက်ချောင်းတွေအရှည်အတိုမတူသလို လူတစ်ယောက်နဲ့တစ်ယောက်လည်း တွေးပုံယူပုံ နားလည်ပုံ အကြီးအကျယ်ကွာတက်ပါတယ်။

မောင်လေးရေးတဲ့ စာကို ပြန်ကောက်တာပါ။ ဒီတော့ မတူညီတဲ့ အတွေးရှိနေရင် မဝေဖန်တာ အကောင်းဆုံးပေါ့။ ငြင်းခုံ ဝေဖန်တာကို စိတ်မ၀င်စားရင် အစထဲက ဒီစာလေးကို မရေးတာ အကောင်းဆုံးပေါ့။ ပွင့်လင်းတာ ကောင်းပေမယ့် ကိုယ့်ကြောင့် တစုံတခု နစ်နာတာမျိုး ဖြစ်နိုင်ရင် မြိုသိပ်ထားတာ ပိုကောင်းပါတယ်။ ဒါဟာ မေတ္တာထားလိုက်တာပဲ။

အကြံပေးတာပါ။

ခင်မင်လျှက်
မရောင်

ဖိုးသင်္ကြန် said...

အင်း
ရေးတာ တခြား
မန့်ကြတာ တခြား

လောလောပြီးသာ ကလိုက်ချင်တော့တာပါပဲ လောကကြီးရယ်

Anonymous said...

မခါးရအောင် မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေတဲ့

အောင်မြင်စေတဲ့ မှန်ကန်တဲ့ ဆက်သွယ်ရေးစနစ်ဆိုတာ နှစ်ဖက်ရှိပါတယ်။ အသွားရှိရင် အပြန်ရှိရပါမယ်။ ကြားနာသူတယောက်ဆိုရင် ကြားနာမှုတွေကြားကနေ ကိုယ့်အတွက် ယူသင့်ယူထိုက်တာတွေ ယူရပါမယ်။ တချိန်ကျရင် ဆိုရေးရှိက ဆိုအပ်စွာ၏ ဆိုသည်နှင့်အညီ ချက်ကျ လက်ကျ ပြောတတ်ဆိုတတ်ရပါမယ်။

ငြင်းခုံခြင်းဆိုတာ brain storming လုပ်တာလို့ ယူလို့ရပါတယ်။ သို့သော်ငြင်းခုံမှုများအားလုံးမှာ တူညီသောဦးတည်ချက်ရှိပြီး လူမှုရေး တိုက်ခိုက်မှုများ မပါရှိရပါဘူး။

များသောအားဖြင့် ငြင်းခုံခြင်းကို စတင်တဲ့သူက ပါးနပ်လိမ္မာရသလို ခိုင်မာတဲ့အချက်နဲ့စတင်ရပါတယ်။ ကိုယ့်တာကို လုံအောင်ထိန်းပြီး မိမိ တင်သွင်းတဲ့အဆိုကို တဖက်လူက လှိုက်လှိုက်လှဲလှဲ လက်ခံသည်အထိ ငြင်းဆိုသင့်တယ်။

အခံအအုပ် ညီညာတဲ့ debate ပွဲတွေဆိုရင် တကယ့်ကို နားထောင်သူ ပရိတ်သတ်အတွက် ပညာရစေပါတယ်။

ကိုဖိုးသင်္ကြန်ရေးသလို စာသင်ခန်းထဲမှာ ဆရာနဲ့ ပြန်လှန်ဆွေးနွေးတဲ့ သင်ကြားရေးကို တချိန်မှာ မြင်ရကောင်းမယ်လို့ မျှော်လင့်နေပါတယ်


မောင်ကိုကို

TnT said...

တစ်ခု သတိချပ်သင့်တာက- ငယ်ရွယ်သူတွေရဲ့ အတွေ့အကြုံနုနယ်မှုပါ။ ဒါက ဆရာတပည့် ဥပမာအတွက်ပါ။ တူညီတဲ့သူတွေအတွက် ကိစ္စမရှိပါဘူး။ ဆရာနဲ့ တပည့်တွေ မတူကွဲလွဲတာလေးတွေရှိတယ် ဒါပေမယ့် များသောအားဖြင့် ဆရာတွေ မှန်တာ များပါတယ်။ အတွေ့အကြုံ၊ အသိပညာ သာလွန်မှုကြောင့်ပါ။ ဆရာတွေ မှားတာတော့ နည်းလွန်းပါတယ်။ ကျွန်တော်တစ်ခေါက်ဖြစ်ဖူးတယ်- တိုဖယ်ဖြေဖို့ လုပ်တုန်းကပေါ့။ in that ဆိုတဲ့ အသုံးအနှုန်း ရှိမှန်းမသိဘူး။ ဒါပေမယ့် ဆရာမကို ကိုယ်သိတဲ့ အဖြေကို သုံးပြီး ငြင်းတာ။ အပြောကလည်း ကောင်းတာဆိုတော့ ဆရာမလည်း လက်ခံလိုက်တယ်။ ဒါပေမယ့် တိုဖယ် အဖြေစာအုပ်မှာ in that ဆိုတော့ အောင့်သက်သက်နဲ့ သဘောပြန်တူလိုက်ရပြန်တယ်။ နောက်ပိုင်းမှ ဖတ်ရင်း ဖတ်ရင်းနဲ့ အဲဒီ အသုံအနှုန်းကို တွေ့ရတယ်။ အဲဒီတော့မှ မှားတယ်ဆိုတာ သဘောပေါက်တယ်။

ငြင်းခုံတဲ့ အကြောင်းကိုတော့ နောက်မှ ထပ်လာပြောမယ်။ ရုံးဆင်းတော့မှာမို့။း)

Anonymous said...

nice post
ဥာဏ်ပညာနဲ့ထိန်းကျောင်းညှိမယူပဲ ချောမွေ့တဲ့ဆက်ဆံမှုဆိုတာဖြစ်လာဖို့ ခဲယဉ်းပါလိမ့်မယ်။