တစ်ယောက်စကား တစ်ယောက်နားမှာ

ပဲခူးကလပ်နားက စာကြည့်တိုက်မှာ စာသွားဖတ်နေစဉ်က သူတို့လုပ်ပေးတဲ့ပြိုင်ပွဲတစ်ခု ကို တက်ရောက်ဖူးပါတယ်။ Debate Contest လေးတစ်ခုပါပဲ။ ခေါင်းစဉ်တောင် မမှတ်မိတော့ပါဘူး။ မှတ်မိတာကတော့ အဲဒီမှာအင်္ဂလိပ်စာသင်တန်းတက်နေတဲ့ လူငယ်တွေ အကြောင်းအရာတစ်ခုကို 'Affirmative' နဲ့ 'Negative' နှစ်ဖွဲ့ခွဲပြီး အပြိုင်အဆိုင် စကားနိုင်လုကြတာကိုပါပဲ။

စကားနိုင်လုတာဟာ သူတို့ဆီမှာ အသစ်အဆန်းတစ်ခုမဟုတ်တော့ပါဘူး။ မူလတန်းအဆင့်မှသည် သမ္မတရွေးကောက်ပွဲအထိ Debateပြိုင်ပွဲတွေကို အလီလီလုပ်လေ့ရှိပါတယ်။ စကားနိုင်လုတာကို သူတို့က Social Skill တစ်ခု Human Resourceတစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ်သဘောထားပြီး မြေထောင်မြှောက် မွေးယူလေ့ရှိပါတယ်။ ဗြိတိသျှကျွန်းစုက ကျောင်းအဆင့်မှာလုပ်တဲ့ ပြိုင်ပွဲတစ်ခုရဲ့ အဆင့်တွေကို နမူနာလေးပေးချင်ပါတယ်။ သတ်မှတ်ထားတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီး ထောက်ခံနဲ့ ငြင်းပယ်တဲ့ အုပ်စုဆိုပြီး နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ပြီးတော့ တစ်ဖွဲ့ကိုတစ်ယောက် တစ်ကြိမ်စီနှစ်ခေါက် ( ထောက်ခံ-ပယ်ချ-ထောက်ခံ-ပယ်ချ) ၇မိနစ်စီ ပြောရပါမယ်။ တစ်ကြိမ်ပြီးတိုင်းမှာ ပြိုင်ဖက်အဖွဲ့က မေးသမျှ ထောက်ပြသမျှကို ၆မိနစ်တိတိ ပြန်လည်ဖြေရှင်းရပါတယ်။ ဒီလိုအချင်းချင်းဝေဖန်ထောက်ပြ ငြင်းဆိုလို့ပြီးရင်တော့ ပရိသတ်ကမေးလာတဲ့မေးခွန်းတွေကို သက်ဆိုင်ရာအဖွဲ့အလိုက် တုံ့ပြန်ဖြေဆိုရပါမယ်။ အားလုံးပြီးဆုံးမှ တစ်ဖွဲ့စီက တစ်ယောက်စီက သူတို့ကိုယ်စားပြုထားတဲ့ဝင်ရိုးကို summarize လုပ်ပြီး ၄မိနစ်ကြာ နိဂုံးချုပ်ပေးရမှာပါ။

တက္ကသိုလ်ဆင့်ဆိုရင်လည်း World Universities Peace Invitational Debate (WUPID)ကို ၂၀၀၇ကစပြီး နှစ်စဉ်ကျင်းပနေခဲ့တာ အခုဆိုရင် ၃ကြိမ်ရှိခဲ့ပါပြီ။ နောက်ဆုံးလုပ်သွားတာကတော့ ကျွန်တော်တို့အရှေ့တောင်အာရှက မလေးရှားနိုင်ငံ တက္ကသိုလ်တစ်ခုမှာပါ။ နာမည်ကြီးအမေရိကန်သမ္မတရွေးကောက်ပွဲစကားနိုင်လုမှုတွေကိုတော့ ၁၉၇၀ကစတင်ထည့်သွင်းကျင်းပခဲ့ကြပါတယ်။ ရွေးကောက်ခံမယ့်သမ္မတနှစ်ဦးရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေအပေါ် အချင်းချင်းအမြင်စကားတွေ၊ ထောက်ပြချက်တွေသာမက တစ်ဦးချင်းစီရဲ့စကားပြောစွမ်းရည်ကိုပါ ပြည်သူတွေကအကဲဖြတ်နိုင်တဲ့အတွက် အလွန်ကောင်းမွန်ပြီး လူကြီးလူကောင်းဆန်တဲ့ယှဉ်ပြိုင်မှုတွေပါပဲ။

ဒါတွေပြောနေတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘဝသက်တမ်းမှာ ကလေးတွေကို စာပြပေးခဲ့တဲ့အချိန်တစ်ခုရှိခဲ့ပါတယ်။ အဲဒီမှာ ဘာသွားတွေ့ရသလဲဆိုတော့ ကျွန်တော်တို့မြန်မာကျောင်းတွေမှာ သင်ရိုးအရရော ဓလေ့ထုံးတမ်းအရပါ ဆရာမှတပည့်ဆိုတဲ့ One way စနစ်ကြီးကလွှမ်းမိုးနေတာကို တွေ့ရပါတယ်။ အတန်းဖော်ချင်း ကိုယ့်အမြင်ကို အကိုးအကားအထောက်အထားနဲ့ ပြောဆိုဝေမျှဖို့အသာထား၊ ဆရာတပည့်ချင်းတောင် အမှားအမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ထုတ်ပြဝေဖန်ခွင့်မရှိဘူးလို့မြင်ပါတယ်။ (ငယ်ငယ်က ကျွန်တော်ကိုယ်တိုင် ဆရာသင်တာမှားနေတယ်လို့ထပြောလို့ အသေအဆော်ခံရဖူးပါသေးတယ်) ကျွန်တော်တို့တတွေဟာ ကိုယ့်အတွေးအခေါ်၊ ကိုယ့်အယူအဆကို ကိုယ့်ဖာသာကိုယ် မြိုသိပ်မေ့ပစ်လိုက်ရသာတာများပါမယ်။ ဒီအတွေးတွေကို အခြေခံပြီး ဆက်လက်လေ့လာဖို့၊ ကိုးကားဆင်ခြင်ဖို့ဆိုတာ ဝေလာဝေးပေါ့ခင်ဗျာ။

တကယ်တော့ ကျောင်းဆိုတာ လူငယ်တွေကို နည်းပေါင်းစုံနဲ့ ဘဝရဲ့အရေးပါတဲ့လိုအပ်ချက်တွေကို တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ သင်ကြားလေ့ကျင့်ပေးတဲ့ဌာနကြီးပါ။ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ လေ့ကျင့်စခန်းသွင်းပေးတဲ့နေရာလို့လဲဆိုနိုင်ပါတယ်။ ဒီလိုPlaygroundကြီးတစ်ခုမှာ ဘဝမှာအလွန်အရေးပါလာမယ့် Communication Skill တစ်ခုကို လေ့လာအသုံးချခွင့်မရတာဟာ အလွန်နစ်နာပါတယ်။ ဝေးဝေးလံလံသာဓကမပြလိုပါ။ စာဖတ်သူတို့ကျွန်တော်တို့ တတွေ အချင်းချင်းစကားပြောရတဲ့အခါ သတိထားကြည့်ပါ။ တဖက်သားကိုအားနာလို့ပဲဖြစ်ဖြစ်၊ တဖက်အယူဝါဒလွှမ်းမိုးမှုက အားကြီးနေရင်ပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒကိုယ့်အယူအဆကို ချောင်ထိုးပြီးထားလိုက်ရတာတွေရှိပါမယ်။ တကယ်လို့ မခံနိုင်လောက်အောင်ဖြစ်လာလို့ ငြင်းတဲ့အဆင့်ရောက်လာရင်လည်း နည်းမှန်လမ်းမှန်မဟုတ်တော့ပဲ ငါသာအမှန်၊ ငါ့ယူဆချက်သာ အကောင်းဆုံးဆိုပြီး အတ္တမာနကို ရှေ့တန်းတင် မျက်လုံးမှိတ်စာအုပ်ကိုင်ပြီး ပြောချင်ရာပြော (ပြီးတော့လုပ်ချင်ရာလုပ်)ကုန်ကြတာ သဘာဝပဲမဟုတ်ပါလား။ (ဘလော့ဂါများကို စောင်းပြောတာမဟုတ်ရပါ။ ဒဲ့ဆန်သွားလျှင်တော့ နာလိုက်ကြပါ - စကားချပ်)

မြှိုသိပ်မှုဟာ ပေါင်းသင်းဆက်ဆံရေးမှာ အလွန်အန္တရာယ်ကြီးပါတယ်။ တဦးနဲ့တဦး နားမလည်နိုင်တာတွေ၊ လူမှုရေးအရအထီးကျန်တာတွေ၊ ထွက်ပေါက်ရှာတာတွေဟာ မြှိုသိပ်မှုတွေမှာ မြစ်ဖျားခံပါတယ်။ ဒီလိုပဲ လက်လွတ်စပယ် တုံ့ပြန်တာ၊ စည်းလွတ်ဝါးလွတ်ငြင်းခုံတာတွေဟာလည်း မလိုလားအပ်တာပါပဲ။ ခင်မင်သူချင်း မျက်နှာချင်းမဆိုင်နိုင်တာ၊ လူမုန်းများလာတာ၊ ကိုယ့်ကြောင့် ကိုယ့်ခံယူချက်ပါ မြောင်းထဲရောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ကြဉ်ဖို့၊ လိုအပ်သလို ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်ဖို့ဆိုတာ အပြောအဆိုတက်ဖို့ (ကောင်းစရာမလို) လိုလာပါပြီ။

လူမှုဆက်ဆံရေးမှာ စကားလုံးတွေဟာ အလွန်အရေးပါပါတယ်။ လက်ချောင်းတွေအရှည်အတိုမတူသလို လူတစ်ယောက်နဲ့တစ်ယောက်လည်း တွေးပုံယူပုံ နားလည်ပုံ အကြီးအကျယ်ကွာတက်ပါတယ်။ တယောက်နဲ့တယောက် ဆက်ဆံစကားပြောတဲ့အခါ ဒီအချက်ကို မေ့ထားလို့မရပါ။ ဒီလိုကွာဟမှုကို ဥာဏ်ပညာနဲ့ထိန်းကျောင်းညှိမယူပဲ ချောမွေ့တဲ့ဆက်ဆံမှုဆိုတာဖြစ်လာဖို့ ခဲယဉ်းပါလိမ့်မယ်။ ညှိယူတဲ့အခါမှာလည်း လွယ်လွယ်ကူကူလည်ပင်းဖတ် ဆွဲခေါ်သွားလို့ရတာရှိနိုင်သလို မျက်နှာချင်းဆိုင်ပြီး အချေအတင် ပြောဆိုရတာမျိုးလည်းရှိတက်ပါတယ်။ ငြင်းခုံရတာ စကားနိုင်လုရတာဟာ ဝါဒအယူအဆတွေရဲ့အားနည်းချက်ကြောင့်ချည်းမဟုတ်ဘဲ လူတွေရဲ့လက်ခံနိုင်စွမ်းပေါ်မှာလည်း အများကြီးမှီခိုနေပါတယ်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု ကိုယ့်ဖက်ပါလာဖို့၊ ဒါမှမဟုတ် ကိုယ့်ဆန္ဒကို ထုတ်ဖော်မှတ်ကျောက်တင်ဖို့ဆိုရင် ပြောရဲတဲ့သတ္တိတစ်ခုတည်းနဲ့မပြီးတော့ပါ။

မျက်စိဟာ လူတစ်ယောက်အတွက် ပြူတင်းဆိုရင် ပါးစပ်ဟာ တံခါးတစ်ချပ်လို့နှိုင်းနိုင်ပါလိမ့်မယ်။ အိမ်တစ်လုံးဟာ ဘယ်လောက်အပြင်ပန်းလှလှ တံခါးဖွင့်လိုက်လို့ အတွင်းမှာ ကစဉ့်ကလျားဖြစ်နေမယ်ဆိုရင် ဘယ်သူမှ ဝင်ကြည့်ချင်တော့မှာမဟုတ်ပါ။ ဘယ်လောက်စာဖတ်ဖတ်၊ ဘယ်လောက်ဗဟုသုတပြည့်စုံပါစေ၊ သူ့ဆီက ထွက်လာမည့် Outputများက တောတလုံးတောင်တလုံး ငါ့စကားနွားရများဖြစ်နေလျှင်တော့ ပညာရှိဟု ခေါ်နိုင်မယ်မထင်ပါ။ ဘုရားဟောတရားသုတ္တန်များ၊ အဘိဓမ္မာများ (တခြားဘာသာများရဲ့နှုတ်ကပတ်တော်ကျမ်းများ)ကို လေ့လာတဲ့အခါ အလွန်စနစ်ကျတဲ့ အတုယူစဖွယ်စကားလုံးစီခြယ်မှုတွေကို တွေ့ရပါမယ်။ ကျွန်တော်တို့မြန်မာစကားမှာဆိုရင်လည်း စကားကြီး (၁၀)မျိုးဆိုပြီး စကားပရိယာယ်နည်းတွေကို မှတ်တမ်းပြုထားတာ သိကြမှာပါ။ ဒီလိုမျိုးပြောဆိုနိုင်ဖို့ဆိုတာလည်း ဗဟုသုတကိုအသာထား အလေ့အကျင့်လိုပါတယ်။ တသက်လုံး အနေသူတစ်ယောက် သီချင်းတစ်ပုဒ်ချက်ချင်းစင်ပေါ်တက်ဆိုဖို့ မဖြစ်နိုင်သလိုပါပဲ။

ကျွန်တော်ဟာ ငြင်းခုံခြင်းကို စိတ်ဝင်စားသူမဟုတ်ပါ။ သို့သော် ကိုယ်ပိုင်အတွေးအမြင်ထုတ်ဖော်မှုကိုတော့ တန်ဖိုးထားပါသည်။ အနာဂတ်မြန်မာပြည်ကို ဦးဆောင်မည့် မျိုးဆက်များအနေဖြင့်လည်း ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်ကို ရဲရင့်စွာ၊ ခိုင်မာစွာ ချပြဆွေးနွေးနိုင်စွမ်း ရှိစေလိုပါသည်။ တနေ့နေ့တချိန်ချိန်တွင်တော့ ကျွန်တော်တို့ဆီက ကျောင်းတွေမှာ Debate ပြိုင်ပွဲကလေးတွေ အပြိုင်အဆိုင်ပေါ်လာပြီး ကလေးတွေ မျက်လုံးအရောင်တလက်လက်နှင့် ကိုယ့်ခံစားမှုအနုမာနကို ရဲရဲတင်းပြောနေကြမှာကို မြင်ချင်စမ်းလှပါသေးသည်ခင်ဗျာ...။



ဖိုးသင်္ကြန်

(Spelling ကတော့ မှားတုန်းပဲဗျာ။ သည်းခံတာ ဖတ်ပေရော့။ ခုတောင် သက်ပုံလား သတ်ပုံလား ထကြည့်ရမှာပျင်းလို့ ဘိလပ်လိုပဲ ရေးလိုက်ရတာ)
:(

၁၈ရက် ၁၈ယောက်

Day (8)
အဆက်ဟောင်းများ


ဒီတခါရေးမှာ လူမဟုတ်။ ခြင်မများအကြောင်းဖြစ်သည်။ တိတိကျကျပြောရသော် တချိန်က တဝီဝီနှင့်ဒုက္ခပေးလှစွာသော အိမ်မှခြင်များအကြောင်းဖြစ်သည်။ ကျွန်တော်တို့အိမ်သည် ရန်ကုန်ဆင်ခြေဖုံးမှ အခြားအိမ်များနည်းတူ ခြင်ပေါလှသည်။ နေ့ခင်းဘက်ဆိုလျှင်တော့ သကောင့်သမီးများ (ခြင်ထီးများသည် မကိုက်တက်ပေ) စက်တော်ခေါ်တော်မူနေသဖြင့် သိပ်မသိသာလှ။ ညနေ နေဝင်ရီတရောရောက်ပြီဆိုသည်နှင့် သဲနှင့် စုပတ်လိုက်သလို ခြင်တွေ အိမ်ထဲဝင်လာတက်သည်။ ပါးစပ်ထဲ ခြင်ဝင်မည်စိုးသောကြောင့် ကျယ်ကျယ်တောင် မသန်းရဲ။ ထွန်းလိုက်ရသည့် ခြင်ဆေးခွေဆိုသည်မှာလည်း ဘုံကျောင်းက အမွေးတိုင်များနီးပါး။

ကျွန်တော်သည် ငါးပါးသီလ၌ သုံးပါးကို အလုံအခြုံစောင့်စည်းသူဖြစ်၏။ ဘဝ၌ သူများသားမယား ဘယ်တော့မှ မပြစ်မှား၊ သူတပါးဥစ္စာ မခိုးဝှက်။ နောက် ဘာသတ္တဝါကိုမျှ မသတ်။ ဒီလိုသီလရနံ့ကြိုင်လှိုင်သူဆိုတော့ ခြင်မဒန်းလေးများက ဝိုင်းဝိုင်းလည်ပေသပေါ့။ စာဖတ်နေလျှင် နားနားတဝီဝီ "မ"သံပေးကြသည်၊ ကျွန်တော် မရိုက်။ ဘောပွဲ ခြေဆင်းကြည့်နေလျှင် ခြေသလုံးပေါ်လမ်းသလား အပျိုလှည့်ကြသည်၊ ကျွန်တော် အာရုံမထား။ ထမင်းစားနေလျှင် လည်ဂုတ်ပေါ် ညဆိုင်းဆင်းကြသည်၊ ကျွန်တော် ခွင့်လွှတ်သည်။ ဘေးက အမြင်မတော်သူက လာရိုက်ပေးလျှင်တောင် ကျွန်တော် စိတ်ဆိုးသည်။ ဘယ်နှယ့် အသက်တစ်ချောင်းများ လွယ်တယ်မှတ်လို့။ အကိုက်မခံချင်ရင် ခြင်ပေါက်မလာအောင် မျိုးဆက်ခြားကြပါလား။ မွေးပြီး ကြီးမှ ရိုက်သတ်ရသလားပေါ့လေ။

စင်ကာပူရောက်နေခဲ့တာ နှစ်နှစ်နားနီးပြီးဆိုတော့ ရန်ကုန်က အဆက်ဟောင်းလေးများကို တခါတခါ သတိရမိသည်။ (ခြင်မများကိုသာဆိုလိုပါသည်) ဒီကျွန်းပိစိမှာတော့ ရန်ကုန်သူနှာမောင်းရှည်လေးများ မရှိပေ။ သူတို့နေရာတွင်အစားထိုး ရောက်ရှိနေသည်က ကြမ်းပိုးဆိုသည့်ကောင်များသာဖြစ်သည်။ ဒီကောင်တွေကတော့ တော်တော်ဆိုးသည်။ ဥာဏ်ရည်လည်း မြင့်သေး၏။ နေ့ဘက်ဆိုမထွက်။ သားကောင် လှုပ်ရှားနေလျှင် မလာသေး။ အိပ်မောကျပြီ ခလောခါနီးပြီးဆိုလျှင်တော့ တဆွေလုံးတမျိုးလုံး ရောက်လာကြပါပြီ။ ခြင်လို ပေါ်နေသည့် လွတ်နေသည့် အစိတ်အပိုင်းကိုသာ ကိုက်သည်မဟုတ်။ ချောင်ကြိုချောင်ကြား၊ မှောင်မှောင်မဲမဲမှန်သမျှနေရာ ရရသလိုတွယ်လေသည်။ အင်မတန်မေတ္တာကြီးမားလှသော ကျွန်တော်သည်ပင် ဒီကောင်တွေကို မေတ္တာထားမရ။ (ဒါတောင် မသတ်။ ဖမ်းပြီး လွှတ်ပစ်ထုတ်ယုံသာ ရှိ၏)

ခု မိုးတွင်းရောက်နေပြီ။ အမိမြေမှာ မိုးတွေ မည်းညို့နေအောင်အုံကာ ရွာတော့မည်။ ပြီးတော့ကော၊ အခါခါဆယ်ပြီး အခါခါ ပြန်ပိတ်ဆို့နေတက်သော မြောင်းချောင်းအိုင်တို့ကြောင့် ပေါပေါသီသီကို ရေကြီးပေဦးမည်။ ကျွန်တော့်အချစ်ဟောင်း ခြင်မလေးများလည်း ညနေနေဝင်ရီသရောမှာ မေတ္တာရှင်ကြီးကျွန်တော့်ကို တဝီဝီနှင့် တမ်းတမ်းတတ လိုက်ရှာနေကြဦးမည်မှာ အသေအချာ....။ ။

လွမ်းလိုက်တာ ခြင်မလေးတွေရယ်....


ဖိုးသင်္ကြန်

ဒါလေးလည်း ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျာ။