ကျွန်တော့်ဦးလေးတစ်ယောက် လွန်ခဲ့တဲ့အနှစ်၂၀လောက်က စင်ကာပူမှာလာအလုပ်လုပ်ဖူးတယ်။ နှစ်နှစ်လောက်လုပ်ပြီးတော့ လိုအပ်တဲ့အရင်းအနှီးရပြီးဆိုကာ သူ့ဇာတိ(ပြည်)ပြန်ပြီး Small businessလေးတစ်ခုထောင်ပြီး အေးအေးဆေးဆေးနေဖို့ကြိုးစားခဲ့ပါတယ်။ တယောက်တည်းနေတုန်းကတော့ အကြောင်းမဟုတ်ဘူးပေါ့။ အိမ်ထောင်နဲ့ သားမယားနဲ့ဖြစ်လာတဲ့အခါမှတော့ စုဘူးထဲဝင်တာနည်းနည်း နို့ဘူးထဲမျှောတာများများဖြစ်လာရော။ ဒီလိုနဲ့ပဲ လက်ဖက်ခြောက်ကနေ လိုင်းကား၊ လိုင်းကားကနေ ဓာတ်ဆီရောင်းနဲ့ စီးပွားရေးကျကျလာလိုက်တာ နောက်ဆုံးအသက် ၄၀ကျော်မှ သားတကွဲ မယားတကွဲ စင်ကာပူပြန်ရောက်လာရပြန်တော့တာပါပဲ။
အသိအကျွမ်းတွေထဲမှာ ပြည်ပဝင်ငွေအကောင်းဆုံးဆိုရမယ့် သဘောင်္သားအုပ်စုတွေလဲရှိသဗျ။ သူတို့လည်း ကမ်းမမြင်လမ်းမမြင်ပင်လယ်မှာ နှစ်ပေါက်အလုပ်လုပ်၊ ငွေထုပ်လေးပိုက်ပြီး ပြည်တော်ပြန်လာကြသပေါ့။ ရေထဲမှာ နေတဲ့ငါး ကုန်းပေါ် ဘုန်းဆိုပစ်တင်လိုက်သလို အရာရာကို ဖျတ်ဖျတ်လူးခံစားလိုက်ကြ၊ ဘာမှမလုပ်တတ်လို့ ဟိုဟာလေးစမ်းစမ်း၊ ဒီဟာလေးစမ်းစမ်းနဲ့လုပ်လိုက်ကြပေါ့။ ပြီးတော့လည်း လုံးပါးပါးပြီး အသက်ကြီးမှ၊ ထိုင်စားရမယ့်အရွယ်ရောက်မှ ပင်လယ်ထဲ ပြန်ဆင်းကြရတာပါပဲ။
ခု ကျွန်တော်တို့တတွေ ငါးပွတ်ရာ ငါးစာချ၊ ရေကြည်ရာ မြတ်နုရှာလိုက်ကြတာ အထင်ပြောရရင် လက်ရှိပြည်ပမှာ မြန်မာ စုစုပေါင်းအရေအတွက်ဟာ သန်းချီနေပြီလို့ထင်ပါတယ်။ ရလိုက်တဲ့ပိုက်ဆံ၊ ရှာလိုက်ရတဲ့ဒေါ်လာဆိုတာ တနှစ်တနှစ် နိုင်ငံတော်ကို ပြန်ပြန်လှူတာတင် ဘယ်နည်းမတုံးဗျ နော့်။ ထားပါလေ၊ ရှာတာတော့ထားပါတော့။ ရှာလို့ရတာတွေကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ နောက်ပြီး ကျွန်တော်တို့မှာ အနာဂတ်အတွက် ဘာPlanတွေထားထားကြသလဲ။ ပြည်တော်မပြန်ပဲ တပါးတိုင်းပြည်မှာ သေတပန်သက်တဆုံး ဘာဂါလေးကိုက်ပြီး ရွှေတိဂုံမဖူး၊ သင်္ကြန်မကျပဲနေတော့မယ့်လူတွေအတွက်တော့ သက်သက်မပြောလိုတော့ပါ။ တချိန်ချိန်မှာ ပြန်မယ့်လူတွေအတွက်ပဲ ရေးချင်ပါတယ်။
ကျွန်တော်တို့လူမျိုးဟာ အလွန်သည်းခံတတ်သူများ၊ ရောင့်ရဲတတ်သူများလို့ နံမည်ကြီးလှပါတယ်။ ဘာမှစားစရာမရှိရင်တောင် ထန်းညှပ်ခဲလေးကို ရေနဲ့မျှောပြီး သစ်ပင်အောက်မှိန်းနေတတ်ကြသူတွေပါ။ တဦးတယောက် ဒီလိုလုပ်တာ ပြဿနာမရှိပေမယ့် လူများစုဒီလိုဖြစ်လာရင်တော့ ပြဿနာရှိလာပါပြီ။ မြင်ကြည့်ပါ။ ခုနေ ပိုက်ဆံထုပ်ကြီးပိုက်ပြီး အမိမြေပြန်သွားရင် ဘာတွေဖြစ်မယ်ထင်ကြပါသလဲ။ နည်းပေါင်းစုံနဲ့ ကုန်ပါတော့မယ်။ အရှိန်နဲ့စီးဆင်းနေတဲ့ မြစ်ထဲကို ဘာမသိညာမသိ ဒိုင်ဗင်ပစ်မလား၊ ကူမယ့်သူရှိကောင်းရှိပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်လာရင်တော့ ကောက်ရိုးတမျှင်ကပင် သစ္စာဖောက်တတ်လေတယ်မဟုတ်လား။
ပြည်တွင်းမှာ လက်ရှိလုပ်နေတဲ့၊ စီးဆင်းနေတဲ့ စီးပွားရေးဈေးကွက်ကို လူခံမရှိ( ဒီနေရာမှာ လူခံဆိုတာ အလွန်ယုံကြည်နိုင်တဲ့၊ အကွက်မြင်တဲ့ မိဘဆွေမျိုး၊ သူငယ်ချင်းများကို ဆိုလိုပါတယ်)၊ အတွေ့အကြုံမရှိပဲဝင်ရင် ဆင်ပါးစပ်ထဲ နှမ်းပက်တာနဲ့အလားတူပါလိမ့်မယ်။ ကျွန်တော်တို့ရှာထားကြတဲ့ သိန်းဆယ်ရာဂဏန်းဟာ မကိုင်တွယ်တတ်ရင်၊ အတွက်အချက်မတတ်ရင် လက်မှတ်တချက်ထိုးယုံ၊ ဖုန်းလေးတခါခေါ်ယုံနဲ့ တက်တက်ပြောင်နိုင်ပါတယ်ခင်ဗျာ။
တို့ကတော့ ဘာမရင်းနှီးတော့ဘူး၊ အေးအေးဆေးဆေး ကိုယ်ပိုင်ဆိုင်လေး၊ လယ်လေးဝယ်ပြီး ထိုင်စားတော့မယ်လို့ ပြောကြမလား။ သားဖို့သမီးဖို့၊ ကိုယ့်ရဲ့အိုဇာတာ၊ ဆေးခန်းစရိတ်၊ ရောဂါတန်ဖိုးကို တချက်တော့ တွေးကြည့်စေချင်ပါတယ်ခင်ဗျာ။ ဒါတွေပြောလို့ စိတ်ဓာတ်ကျပြီး တသက်လုံး သူများမြေမှာ ကျွန်ခံကြရတော့မှာလားလို့လည်း စိတ်မပျက်ကြစေလိုပါ။ တိုးတက်ချင်သူအတွက် လမ်းတွေရှိပါတယ်။
တက်ကျမ်းတွေမှာ စီးပွားရေးလုပ်နည်းတွေမပါပါ။ လက်တွေ့ဘဝမှာပဲရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပွင့်ပွင့်လင်းလင်းပြောရရင် မြေရိုင်းကောမြေတစ်ခုနဲ့အလားတူပါတယ်။ ဒီမြေပေါ်မှာ ဘာစိုက်စိုက်ရှင်မှာပါ။ ဒါပေသိ ခရမ်းသီးချည်း လိမ့်စိုက်နေလို့တော့ ရွှေပြည်သစ်ကြီးဖြစ်လာဖို့မမြင်ပါခင်ဗျာ။ နိုင်ငံတစ်ခု အောင်မြင်တိုးတက်လာဖို့ဆိုတာ အစိုးရမင်းများနဲ့တင် မပြီးပါ။ တိုင်းသူပြည်သားများရဲ့ ကိုယ်စွမ်းကိုယ်စပေါ်လည်း မူတည်ပါတယ်။ ဂျပန်နိုင်ငံကို ကြည့်ပါ။ ဒုတိယကမ္ဘာစစ်ပြီးတော့ စစ်လျှော်ကြေးပေးရ၊ လူအရင်းအမြစ် သန်းနဲ့ချီသေရနဲ့ တတိုင်းပြည်လုံးတောင်းစားရမတက်ဖြစ်ခဲ့တာပါ။ သိပ်မကြာပါဘူး။ တနိုင်ငံလုံး ရုန်းလိုက်ကြတာ နှစ်နှစ်ဆယ်အတွင်း ကမ္ဘာထိပ်တမ်းစာရင်း ဝင်သွားတော့တာပါပဲ။
သူတို့ရဲ့ စီးပွားရေးလုပ်ပုံက ရှင်းပါတယ်။ ခေါင်းအရှုပ်သိပ်မခံပါဘူး။ တခုခုကို တည်လိုက်ပြီဆိုတာနဲ့ မအောင်အောင်မြင်အောင် ဓားမဦးချ လုပ်တော့တာပါပဲ။ သတိပြုသင့်တာက သူတို့ဟာ သူတို့ချွေးတစက်တိုင်းမှာ ပညာဥာဏ်တပဲသား သွင်းသွင်းသွားတာကိုပါ။ ဟွန်ဒါတို့ တိုယိုတာတို့ဟာ workshopလေးတခု ထောင်ယုံနဲ့ တင်းတိမ်းမနေကြပါ။ အသေးစားကုန်ထုတ်လုပ်ငန်းတစ်ခုကို အကြီးစားကော်ပရေးရှင်းတခုဖြစ်အောင် ဘယ်လိုတည်ထောင်ရမယ်ဆိုတာ ဂျပန်တွေကို ကြည့်ရင် သေချာလေ့လာနိုင်ပါတယ်။
လက်ရှိပြည်တွင်းမှာ လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတော်တော်များများဟာ ပိုက်ဆံတိုးပွားဖို့သက်သက်သာ ရေတိုကြည့်နေကြပါတယ်။ ရေရှည်အနေနဲ့ ဦးတည်လုပ်နေတဲ့အလုပ်တော်တော်လေးကို ရှားပါတယ်။ ခု ဟော့ဖြစ်နေတဲ့ အလုပ်တွေကို တချက်ကြည့်ပါဦး။ ကားပွဲစားတဲ့။ ပါးစပ်လေးလှုပ်လိုက်ယုံနဲ့ ငွေတွေ သဲ့ယူနိုင်ပါသတဲ့။ ကန်ထရိုက်တာ၊ အလုပ်သမားများများရှိယုံနဲ့ အလုပ်ဖြစ်နေကြတာပါပဲ။ တိုးတက်ဖို့ကြီးပွားဖို့ဆိုတာ လက်ငင်းငွေရနေယုံနဲ့မပြီးပါ။ ဥပမာ- ကားပွဲစားအုပ်စုဟာ ပါးစပ်နဲ့ပြောမနေပဲ ကားစက်ရုံတည်ထောင်ဖို့ကြိုးစားမယ်၊ နိုင်ငံတကာကော်ပိုရေးရှင်းတခုနဲ့ အစုစပ်လုပ်မယ်ဆိုပါတော့။ သူတို့တဖွဲ့တည်းတင်မဟုတ်တော့ပါ။ ပြည်တွင်းက ကော်လံဖြူ၊ ကော်လံပြာတွေသာမက ဆိုင်ရာအခြားဝန်ဆောင်မှုပေးတဲ့ (ဥပမာ-ရာဘာခြံတွေ၊ ကားအစိတ်အပိုင်းထုတ်နိုင်သူတွေ)ကိုပါ ဆွဲခေါ်နိုင်တော့မှာပါ။
ကျွန်တော်တို့ဆီမှာ ကုမ္ပဏီသဘောမျိုး အစုစပ်လုပ်ကိုင်မှု အတော်ရှားပါတယ်။ တချိန်က ဖြစ်ခဲ့ဖူးတဲ့မယုံကြည်ရမှုတွေအပြင်၊ ခန့်ခွဲမှု မသေချာခြင်းတွေက အကျိုးရှိမယ့်စုဖွဲ့မှုတွေကို လျှော့ကြစေတယ်လို့ မြင်ပါတယ်။ ကျွန်တော့်သဘောကတော့ ပိုက်ဆံရှိပြီး ကိုယ်ထင်ရာကိုယ်လုပ်ကြမယ့်အစား အစုလေးတွေစုပြီး ကိုယ့်အတွက်အပြင် အခြားလူတန်းစားတွေကိုပါ တိုးတက်စေတဲ့အလုပ်မျိုးလုပ်ကြစေချင်ပါတယ်။
တိုင်းပြည်နိမ့်ကျခဲ့တာ အားငယ်စရာမဟုတ်သေးပါဘူး။ ကိုယ့်လက်ထက်ကျမှ အိမ်ရယ်လို့မပြောနိုင်လောက်အောင် စုတ်မပြတ်သွားရင်ပြီးပါတယ်။ ငတ်နေတဲ့လူတိုင်းကို ထမင်းတနပ်စာကျွေးလိုက်ယုံနဲ့ ကုသိုလ်ယူမယ့်အစား သူတို့အတွက် လုပ်ငန်းကိုင်ငန်းတွေ ဖန်တီးပေးနိုင်ရင် မကောင်းဘူးလား။ အမှောင်ကျနေသူတွေကို ဖရောင်းတိုင်ဝေမယ့်အစား ကိုယ်ပိုင်မီတာလျှောက်နိုင်အောင် မမြှင့်တင်ပေးချင်ကြဘူးလား။ တိုင်းတပါးမှာ အထီးကျန် Condoထဲ ဝိုင်သောက်နေမည့်အစား စက်ရုံလုံးကျွတ် ဘုရားဖူးမထွက်ချင်ကြဘူးလား။ ရပ်ကြည့်သူများတဲ့တိုင်းပြည်ဟာ ဘယ်တော့မှ နွံ့အိုင်ကထွက်တော့မယ်မဟုတ်ပါခင်ဗျာ။
အညမညသဘောအရ စီးပွားရေးဟာ အရာအားလုံးနဲ့ နွယ်ယှက်နေပါတယ်။ အူမတောင့်လာရင် သီလတွေစောင့်လာကြမှာပါ။ ဘယ်သူမှ ဥပဒေပ ခိုးဝှက်တောင်းစားချင်ကြတာမဟုတ်ပါ။ စိတ်ပါလက်ပါသာလုပ်လာကြရင် ကွန်ကရစ်လမ်းတွေလည်း လှိုင်းထဦးမည်မဟုတ်တော့ပေ။ စေတနာဆိုတာ ကိုယ့်ဗိုက်အရင်ပြည့်မှပေါ်တတ်တာ သဘာဝပဲမဟုတ်လား။
တို့များတော့ ဒီလိုလုပ်ဖို့ အတွေ့အကြုံလဲမရှိ၊ အရည်အချင်းလည်း မရှိလို့ မငြင်းကြပါနဲ့။ တပါးပြည်မှာတောင် ကျွန်ခံခဲ့ကြသေးတာပဲ။ ကိုယ့်တိုင်းကိုယ့်ပြည်မှာ ကိုယ့်ခြေကိုယ့်လက် သခင်လုပ်ရမှာ ဘာလို့တွန့်နေကြပါသလဲ။ Facebookမှာတောင် Friend ထောင်ချီထားနိုင်၊ စကားပြောနိုင်သေးတာပဲ။ ကိုယ့်စာ ကိုယ့်စကားနဲ့ ဘာလို့သြဇာမလွှမ်းနိုင်ရမှာလဲ။ Gameတွေထဲမှာတောင် စိတ်ကူးတိုင်းပြည်တွေ အိပ်မက်ကျွန်းတွေ တည်နိုင်သေးတာပဲ။ ဘာလို့များ လက်တွေ့လုပ်ငန်းရှင်အင်ပါယာကြီးမဖြစ်နိုင်ရမှာလဲ။
လေရူးသုန်သုန်ထဲမှာ ဇာတ်ဆောင်ရမ်ဘတ်တလာပြောတာလေးရှိပါတယ်။ တိုင်းပြည်တခု ပျက်စီးချိန်နဲ့အစတည်ချိန်ဟာ စီးပွားရေးလုပ်ဖို့အကောင်းဆုံးပါတဲ့။ မှန်ပါတယ်။ ပြင်ညီတခုမှာ လမ်းလျှောက်လို့ အထက်တန်းမရောက်နိုင်ပါ။ လျှောစောက်တခုကို တက်နိုင်မှ အပေါ်စီးရောက်နိုင်မှာပါ။ စွန့်စားမှုမပါတဲ့ဘဝဇာတ်လမ်းတွေဟာ သမိုင်းအတင်မခံရပါ။ အတက်ပညာ အရင်းအနှီးမစိုက်နိုင်တဲ့ အလုပ်တခုဟာ ပြည်ပမရောက်နိုင်ပါ။ ဆွေမျိုးပေါက်ဖော်ကောင်းစားရေးကို ထည့်မတွေးတဲ့အလုပ်ရှင်တယောက်ဟာ ကတ္တရာလမ်းကောင်းကောင်းပေါ် ကားမောင်းနိုင်ဖို့မလွယ်ပါ။
ကြိုတင်ပြင်ဆင်ထားကြစေချင်ပါတယ်။ အမိမြေမှာ ဘာတွေဖြစ်နေလဲ နားစွင့်ထားကြပါ။ ငါပြန်ရင် ဘာလုပ်ရမလဲ ကြိုတွေးထားကြပါ။ လိုအပ်မယ့်အသိဥာဏ်၊ အရင်းအနှီး၊ မိတ်ဆွေအပေါင်းအသင်း စုဆောင်းထားကြပါ။ ကိုယ့်နောင်ရေးအတွက်၊ ကိုယ့်နောင်လာနောင်သားတွေအတွက်၊ ကိုယ့်လူမျိုးတွေအတွက် စီးပွားရေးလုပ်နိုင်ဖို့ ခြေလှမ်းပြင်ထားကြပါတော့။
အချိန်ဟာ စီးဆင်းနေပါတယ်။ ကျွန်တော်တို့ အိမ်ပြန်ဖို့မငြင်းနိုင်တဲ့တချိန်ရောက်လာဦးမှာပါ။ အဲဒီအခါ တက္ကစီမောင်းစားနေတဲ့ နိုင်ငံခြားပြန်တွေ၊ ဆိုင်လေးဖွင့်ပြီး လက်ဖက်ရည်ဆိုင်မှာ လေကန်နေတဲ့ သာယာအေးသမားတွေကို ကျွန်တော်မမြင်ချင်ပါ။ ကိုယ့်သွေးကိုယ့်ချွေးနဲ့ သူများတိုင်းပြည်ကို တိုးတက်စေသလို၊ ကိုယ့်ငွေကိုယ့်ကြေးနဲ့ အမိမြေကို ကြီးပွားစေကြပါလားခင်ဗျာ။
ဖိုးသင်္ကြန်